ရပ်တန့် … ထို့နောက် ရပ်နား

Moveable ကို ရပ်တန့်ပါတော့မယ်။

တစ်နေရာတည်းကလှမ်းကြည့်မယ်ဆိုရင် …
ဖြောင့်တန်းသောလမ်းတွေရဲ့ ဆုံးမှတ်ဟာ သဲသဲကွဲကွဲ တွေ့မြင်ကြရမှာမဟုတ်ပါဘူး။
ကွေ့ကောက်သောလမ်းတွေဖြစ်နေပြန်ရင်လည်း ဆုံးမှတ်ဟာ မှန်းဆရခက်ပါတယ်။
ခံစားမှုကြောင့်ဖြစ်သော အိပ်မက်များနဲ့ အိပ်မက်များရဲ့ မနက်ဖြန်ဟာ
ရောက်လာချင်မှ ရောက်လာမယ်ဆိုတာကို ကျွန်တော့်ဘက်က လက်ခံထားပြီးဖြစ်တဲ့
အကြောင်း ….

တောကျောင်းဆရာ။
ဇွန်လ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်။

1 Comment

Filed under ပြန်ကြားချက်

မိုးများ မိဘပြည်သူများသို့ သုံးရက်ဆက်တိုက် ပန်ကြား

from: dart.fine-art.com

_______________________________________________________________________

မိုးကြီး ရွာနေသလို မိုးကြီး ရွာချနေ ပေသည်။ သုံးရက် ဆက်တိုက် တတိယမိုးသည်
မနက်နှင့် မွန်းတည့် တစ်ချက် လင်းထိန် အနားယူလျက် တစ်ဖန် မွန်းလွဲမှ ဆက်တိုက် ရွာသွန်းလေရာ
ခါတစ်ရံ လေများပင် ပါသောကြောင့် သစ်ကိုင်းကျိုး သစ်ရွက်စိမ်း ကြွေလျက၊် ထီး မိုးကာလန်လျက် ၊
အင်္ကျီလုံချည်၊ စကပ်ကွဲ ဘောင်းဘီတို လွင့်လျက်၊ ကြက်သီး ထကာ ပုခုံး ဆတ်ဆတ်တုန်၊
မေးခိုက်ခိုက် တုန်ရီလျက် အများပြည်သူတို့ သွားလာ လုပ်ကိုင် မပျက် ရှိကြလေသည်။

သူသည် (သို့မဟုတ်) စိုးမိုးထွန်း ခေါ် ဆန်းညွန့်သိန်းကလေးသည် နောက်ဖေး ပြူတင်းမှ
ရေမြောင်းကြီး အတွင်းသို့ အမိုးအဖီ ဆင်ခြေ
လျော အတိုင်း ရွာသွန်းလျက်ရှိသော မိုးကို မိုးထဲမှ တဆင့် ကြည့်ရှုရင်း နောက်ဆုံးဘူးလက်
ဂွဒ်ဘိုင် နှင်းဆီဆေးလိပ်တိုကို လူမြင်သူ
ထင်ဖွာရှိုက်လျက် မီးခိုးလုံးကြီးများ အင်နှင့် အားနှင့် မှုတ်ထုတ် နေလေသည်။

စိတ်အစဉ်တွင် အောက်မေ့ သတိရမှု မှတ်ဥာဏ်များ၊ ဖြစ်မလာသေးသော စေစားမှုများ
မိုးထဲတွင်ပင် အမျှင်တန်းနေပေပြီ။
အာခေါင်မှ ကန်ထွက်လာသော အစီခံ ကျွမ်းနံ့မီးခိုးလုံးကို ခါးသီးစွာ ဟပ်ထုတ်လိုက်ပြီး
ဖက်ကွာနေသော ဆေးလိပ်တိုဖင်ပြတ်ကို
၎င်းမိုးထဲသို့ပင် လွှင့်ပစ် ငြိမ်းသတ်လိုက်လေသည်။ အတွေးစဉ် အမျှင်တန်းကိုလည်း လေထဲမှာပင်
ဖျက်သိမ်းလိုက်သည်။
ပြီးနောက် စာရွက်ဖြူဖြူများရှိရာ မင်းဘူး ဦးဩဘာသ စားပွဲပုရှေ့ အရောက် တင်ပျင်ခွေထိုင်ချလျက်
အောက်ပါ အတိုင်းစတင်
ရေးသားလေတော့သည်။

၁။ စိန်ခေါ်နေသလိုမျိုး ထပ်မံပေါ်ပေါက်လာပြန်သော လွန်ခဲ့ နှစ်နှစ်ဆယ်ကအတိုင်း ထိုအရာ
၂။ ထိုအရာဖြင့် ဆက်စပ်ပတ်သက်လမ်းကြောင်းအလိုက် ဖြစ်နိုင်ခြေများ တွေးထင်မြင်ယောင်မှု
၃။ ထွက်ခွာဖယ်ကျဉ်နေသော မိမိ၏ နောက်ဆုံး ပျောက်ဆုံးသွားတော့မည့် မျက်နှာ

ရေးသူ-လူဆန်း
ဂျူလိုင်-၂၀၁၁

Leave a comment

Filed under ကဗျာ, အရေးအသား

လိမ္မော်သီးတစ်လုံး (ကိုဆွေ)

(၁)

လွန်ခဲ့သော ဆယ်နှစ်လောက်က လိမ္မော်သီးလေး တစ်လုံးကို ကျွန်တော် သတိရနေမိသည်။ အဲဒီတုန်းက ဒီဇင်ဘာလရဲ့ ညတစ်ညမှာပါပဲ။ မြို့ရဲ့လမ်းပေါ်မှာ အရှုပ်အထွေးမရှိ၊ ပကတိ ရှင်းလင်းနေဆဲ၊ အသံ ဆူညံမှုလည်း ကင်းပလို့ပေါ့။

(၂)

ဆောင်း၏ မြောက်လေ အေးဒဏ်သည် အနွေးထည် ကောင်းကောင်း မရှိသော ကျွန်တော့် တစ်ကိုယ်လုံးအား ရိုးတွင်းချဉ် ဆီ ခိုက် အောင် နှိပ်စက် နေတော့၏။ ညကား နှင်းတို့ဖြင့် ဖြူလျက်။ ဓာတ်တိုင်ခြေရင်း၌ မာကျူရီမီးလုံးမှ အလင်းရောင် လဲကျသေဆုံးနေ၏။ အိမ်တံခါးတွေလည်း ပိတ်ကုန်ကြပြီ။ တအားညှစ်အော်လိုက်တဲ့ ဟိုးအဝေးကြီးက မော်တော်ကား စက်သံဟာ ကျယ်ရာကတိုး၊ တိုးရာကဝေး၊ ဝေးရာက ပျောက်သွားပေမယ့် နောက်မီး နီရဲခြင်းကတော့ လင်းကြည်ဝင်းပလို့။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လိမ္မော်သီးလေးတစ်လုံးကို တွေ့ခဲ့တဲ့နေရာ ကျွန်တော်ပြန်ရောက်နေပြီ။

(၃)

ဟိုတုန်းကလိုပင် လမ်းချိုးကွေ့တစ်ခု၌ ဆိုက်ကားတစ်စီး ရပ်ထားလျက်။ ဒါပေမယ့် ကျွန်တော်လမ်းလျှောက်လာတဲ့ ပလက်ဖောင်းဘေးမှာတော့ အမှိုက်တစ်စပင် မရှိ၊ လိမ္မော်သီးလေးရေ မင်းဘယ်မှာလဲ။ အခုတော့ တစ်ခုခုကို တမ်းတပေမယ့် စိတ်အင်အားဟာ တည်ငြိမ်ရင့်ကျက်ခဲ့ပြီ။ “ရေစိုနေတဲ့ စာအုပ်တစ်အုပ်လို ဒုက္ခတွေစွတ်စိုလာတဲ့အခါ ဘ၀ဟာ ပိုမိုလေးလံလာတယ်” – ဆိုတဲ့ အကြောင်းကိုလည်း ကောင်းကောင်းကြီး သိခဲ့ပြီ။

လူနေအိမ်တွေရဲ့ အမိုးပေါ်မှာ နှင်းတွေဝေလို့ပါလား၊ နှင်းတွေဝေမှဖြင့်ကွယ်။ လိမ္မော်သီးလေးရေ၊ ကျွန်တော်ဟာ လိမ္မော်သီးကို ချစ်ခဲ့တယ်၊ ဒီဇင်ဘာကို ချစ်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် ချစ်ခဲ့တယ်။

အရောင်ဆိုတာ စားကြည့်လို့ မရသလို အချိန်ကိုလည်း ကျွန်တော်မပိုင်စိုးခဲ့။ ဤသို့ဖြင့် နေ့သစ်များသည် မြန်မြန်ကြီး ရောက်လာတော့၏။ မနေ့တစ်နေ့ကလိုပင် သိပ်မကြာလိုက်ဟု တွေးနေရင်း ကျွန်တော်တစ်ယောက်တည်း နှင်းပင်လယ်ပြင်ကြီးကို ကူးဖြတ်နေမိတော့သည်။ ကျွန်တော်နေတဲ့ မြို့ကလေးမှာတော့ ဆောင်းဟာလှပစွာ ကိုယ်ထင်ပြလာပြန်ပြီ။ မြမှိုင်းသောညမှာ စာအုပ်များမှတစ်ဆင့် သိရသော ၀င်ရိုးစွန်း ရာသီဥတုကဲ့သို့ အအေးပိုကဲလာ၏။

အံကိုကြိတ်ကာ ခံနေရပြီပေါ့။

နှလုံးသွေးများလည်း ခဲမတတ်ဘဲ။

ဂစ်တာတီးနေသော ကောင်လေးတစ်ယောက်၏ နှုတ်ခမ်းမှ ဖိတ်စဉ်လွင့်ကျလာသော ခေတ်ပေါ်သီချင်းတစ်ပုဒ် အကြားအာရုံကို လာ၍ ရိုက်ခတ်သောအခါ အနွေးထည် မရှိသော ကျွန်တော့်မျက်နှာ မဲ့တဲ့တဲ့ ဖြစ်သွား၏။ ပိုက်ဆံရှိရင်တော့ ဟောင်ကောင်လုပ် ဆွယ်တာအဖြူလေးတစ်ထည် ၀ယ်ဝတ်ဦးမယ်။

(၄)

ပလက်ဖောင်းရဲ့ နောက်ဘက်ခပ်ကျကျ လက်ဖက်ရည်ဆိုင်ထဲက ထောင့်စွန်းနေရာ စားပွဲတစ်လုံးမှာတော့ ကျွန်တော့်သူငယ်ချင်းဟာ ကျွန်တော့်ကို စောင့်လို့။ လက်ဖက်ရည်အခါးအိုးမှ ရေနွေးစီးကျသံမှာ ရပ်နားသွားလိုက်၊ ပြန်လည် ထွက်ပေါ်လာ လိုက်၊ ဆောင်း တွင်း ရေနွေးကြမ်း သောက်ခြင်းကား ကျွန်တော်၏ ကုသမှုတစ်မျိုးပင် ဖြစ်သည်။

စီးကရက်မှ နီကိုတင်ဓာတ်ငွေ့များမှာ လက်ဖက်ရည်ဆိုင် အခန်းကျဉ်းကလေး၏ မှောင်ရိပ်ကျသော ထောင့်ချိုးများသို့တိုင် ပျံ့နှံ့လျက်။ ကျွန်တော်ကား ပြင်သစ်ကဖီးဆိုင်များ၌ ထိုင်တတ်သူ ပန်းချီဆရာများအကြောင်း သူငယ်ချင်းက ရှင်းပြနေသည်ကို စိတ်ဝင်စားစွာ နားထောင်နေမိ၏။

လက်ဖက်ရည်ဆိုင်ရဲ့ အပြင်ဘက်မှာတော့ နှင်းတွေဝေလို့။ ကြည့်ရင်းကြည့်ရင်းမှာပင် နှင်းများသည်လည်း ထူထပ်သိပ်သည်းစွာ ကျလာ၏။ ဆိုင်ပိုင်ရှင် မိန်းမကြီးက ပျင်းရိစွာ သမ်းဝေလိုက်ရင်း ကက်ဆက်ခလုတ်ကို နှိပ်လိုက်ရာ လွန်ခဲ့သော အနှစ်နှစ်ဆယ်က တေးတစ်ပုဒ် ဝေ့၀ဲ၍ ထွက်ပေါ်လာလေသည်။

“အလွန်အေးတဲ့ရာသီ … အလွန်ချမ်းတဲ့ရာသီ”

(၅)

“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ကွာ” – ဟု ကျွန်တော်က စကားစလိုက်၏။

“အဲဒီတုန်းက အခုလိုသိပ်အေးတဲ့ ဒီဇင်ဘာရဲ့ ညတစ်ညပေါ့၊ ငါလဲ အမေတော့ အိမ်ပြန်နောက်ကျလို့ စိတ်ပူနေမှာပဲလို့တွေးရင်း ခြေလှမ်းကို ခပ်သွက်သွက်လှမ်းပြီး ပလက်ဖောင်းအတိုင်း လျှောက်လာမိတယ်။ အိမ်တံခါးတွေလဲပိတ်၊ လူလဲ တစ်ယောက်မှ မရှိ၊ လမ်းထောင့်မှာတော့ ဆိုက်ကားတစ်စီး ရပ်ထားတယ်၊ ဒါပေမယ့် ဆိုက်ကားဆရာကလဲ အိပ်ငိုက်လို့။

ပလက်ဖောင်း အောက်ခြေနားမှာ ကပ်နေတဲ့ လိမ္မော်သီးလေး တစ်လုံး တွေ့လိုက်ရတော့ ငါအရမ်းဝမ်းသာသွားတယ်။ လူဆိုလို့ အိပ်ငိုက်နေတဲ့ ဆိုက်ကားဆရာ တစ်ယောက်ပဲ ရှိပေမယ့် သူသိမှာစိုးလို့ လိမ္မော်သီးလေးကို ဟန်မပျက် ခပ်ဆဆကန်ရင်း လမ်းလျှောက်လာရတယ်၊ သူ့ကိုလဲကျော်ရော ဘာပြောကောင်းမလဲကွာ အခွံနွှာပြီး စားပစ်လိုက်မိတယ်၊ လိမ္မော်သီးကလဲ အရမ်းချိုလိုက်တာ စားပြီး ငါ့စိတ်တွေဟာ အရင်ကထက် ပိုလတ်ဆတ်လာတယ်လို့ ကိုယ့်ကိုယ်ကိုထင်ရင်း လမ်းလျှောက်ရတာလဲ ပေါ့ပါးလာတယ်၊ လုပ်ချင်တာတစ်ခုကို ဟန်မဆောင်ဘဲ လုပ်လိုက်ရတာ တကယ်အရသာရှိတယ်နော်၊ သိပ်လွတ်လပ်တာပဲ။”

နားထောင်နေသော သူငယ်ချင်းက သူ့ထင်မြင်ယူဆချက်တို့ကို ပြန်ပြော၏။

“ဒါပေါ့ကွာ၊ တို့ဗမာစကားပုံမှာ ငတ်မရှက်ဆိုတဲ့စကား ရှိသားပဲ၊ လူတွေဟာ ငတ်လာရင် မရှက်တော့ဘူးကွ၊ မင်းစားခဲ့တဲ့ လိမ္မော်သီးလေးကို စားချင်ရက်နဲ့ ဟန်ဆောင်ပြီး မင်း မစားခဲ့ရင် နောက်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ငါတော့ မစားမိလေခြင်းလို့ နောင်တရနေမှာပေါ့၊ ငါတော့ မင်းလုပ်ရပ်ကို မှန်တယ်လို့ ဆိုချင်တယ်။ မြေကြီးပေါ်မှာ ကျနေတဲ့ လိမ္မော်သီး ကောက်စားတော့ ဘာဖြစ်လဲ၊ သူတစ်ပါးပစ္စည်း ခိုးတာလဲ မဟုတ်၊ ပိုပြီးတော့ ပံ့သကူတောင် ဖြစ်သေး၊ မင်းအခုလို ငါ့ကို ဖွင့်ပြောတာလဲ မင်းကို ငါချီးကျူးတယ်၊ တကယ်တော့ လူဆိုတာ မသေခင်သာ ထင်ရာလုပ်ရတာ၊ သေပြီးတော့ ဘာမှ မလုပ်ရဘူး၊ ဒါပေမယ့် သူများမထိခိုက်ဖို့ကတော့ အရေးကြီးတာပေါ့”

စကားကောင်းနေဆဲမှာပင် လက်ဖက်ရည်ဆိုင်ရှင် မိန်းမကြီးလည်း ဆိုင်ပိတ်ရန် ဟန်ပြင်နေပြီ။ အံဆွဲဖွင့်လိုက်၏။ ငွေစက္ကူများကို ရေတွက်နေသည်။ ဆိုင်ထဲမှာလည်း လူတွေကျဲပါးစပြုခဲ့ပြီ။

ကျွန်တော်တို့လည်း ပြန်ရန် ဟန်ပြင်လိုက်ကြ၏။ အပြင်ဘက်မှာတော့ နှင်းက သိပ်သိပ်သည်းသည်း ထူထူထပ်ထပ် ကျနေဆဲ။ သူငယ်ချင်းလည်း နှုတ်ဆက်လမ်းခွဲသွားပြီ။

(၆)

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လိမ္မော်သီးလေး တစ်လုံးကို တွေ့ခဲ့တဲ့နေရာ ကျွန်တော်ပြန်ရောက်နေပြီ။

ဟိုတုန်းကလိုပင် လမ်းချိုးကွေ့တစ်ခု၌ ဆိုက်ကားတစ်စီး ရပ်ထားလျက်။ ဒါပေမယ့် ကျွန်တော်လမ်းလျှောက်လာတဲ့ ပလက်ဖောင်းဘေးမှာတော့ အမှိုက်တစ်စပင် မရှိ။

“ဖေဖေ သမီးဖို့ လိမ္မော်သီးဝယ်ခဲ့နော်…”

အိမ်မှာ အိပ်ပျော်နေမည်ဖြစ်သော သမီးလေး၏ အသံလွင်လွင်လေး နားထဲမှာ ပြန်လည်ပဲ့တင်ထပ်လာသောအခါ လိမ္မော်သီးတစ်လုံးလောက်များ တွေ့လေမလားဟု အာသာငမ်းငမ်း တမ်းမက်စွာဖြင့် ကျွန်တော်ရှာဖွေနေမိသည်။

ညကား… နှင်းတို့ဖြင့် ဖြူလျက်။ လိမ္မော်သီးရေ မင်း ဘယ်မှာလဲ။

ကိုဆွေ
၁၉၇၈ ခုနှစ်၊ မတ်လထုတ် မိုးဝေမဂ္ဂဇင်း၊  အောက်တိုဘာလတွင် ဖော်ပြခဲ့။
လိမ္မော်သီးတစ်လုံးနှင့် ခေတ်ပေါ်အာရုံခံစားမှု ၀တ္ထုတိုများ၊ ယွန်းရွှေအိမ် စာအုပ်တိုက်၊ ၁၉၉၅ခုနှစ်တွင် ထပ်မံဖော်ပြ။

noted: ကိုမိုးဝေးရဲ့ ဖုန်းသံကတစ်ဆင့် ဒီမနက်(မေ ၈၊ ၂၀၁၂ခုနှစ်)ရဲ့ မနက် ၁၀ နာရီအချိန်၊ ပြည်မှာ ကိုဆွေ ဆုံးကြောင်း သိရ။ မသေချင်သေး။ ရန်ကုန်ကို လာဖို့ အားခဲထားသူ။ ကြုံနေဆဲ ဒုက္ခတွေက လွတ်မြောက်ပြီ။ ၁၉၄၇-၂၀၁၂။ ကိုဆွေရဲ့ လိမ္မော်သီးနှစ်များကို အမှတ်ရသော အားဖြင့် လိမ္မော်သီးတစ်လုံး ကို ပြန် လည် ဖော်ပြလိုက်သည်။

3 Comments

Filed under ၀တ္ထုတို

ကျွန်တော်ရဲ့ ယခုအချိန်နှင့် အခြား မငြိမ်သက်မှုများ


_______________________________________________________________________

ဒီသတ္တဝါတွေဟာ သူတို့ရဲ့ မနှစ်မြို့ဖွယ် ဘဝကို
ဒီ စွတ်စိုထိုင်းမှိုင်းတဲ့ မြောင်းထဲမှာ
စုပြုံကြိတ်ခဲပြီး တစ်စုတစ်ဝေးထဲ နေရတဲ့အဖြစ်ကို
နှစ်သက်သလား မနှစ်သက်ဘူးလားဆိုတာ
တစ်ယောက်နဲ့တစ်ယောက် အရှင်လတ်လတ် စားသုံးရတာ
နှစ်သက်သလား မနှစ်သက်ဘူးလားဆိုတာ
ထိတ်လန့်ဖွယ် မွတ်သိပ်ဆာလောင်မှု ကာလအတွင်း
ချစ်ခြင်းမေတ္တာတရား ထားရှိဖို့ လိုလား မလိုလား ဆိုတာ
သူတို့ရဲ့ မျက်လုံးများ၊ အာရုံပေါက်များ အားလုံးနဲ့
ရွှံ့နွံထူပြောစေးကပ်တဲ့ ဒီကမ္ဘာသေးသေးလေးကို
ခံစားကြည့်ဖို့ လိုလားမှု ရှိ မရှိ ဆိုတာကိုရော
အဲဒီ ကမ္ဘာဟာ အတော်ကြီးကို ရွံ့ကြောက်ဖွယ်
ဒီမှာ ဒါထက် ဘာမှ ပိုမလုပ်နိုင်အပ်သောနေရာ။

ချက်ကိုစလိုဗက်ကဗျာဆရာ “မီရိုဆလဗ် ဟိုးလဗ်” ၏
“အပြင်းအထန် ခံစားရခြင်း” ကဗျာမှ . . .

အစီအစဉ်
၁။ ကိုယ့်အတ္တပေါ် ကိုယ်ပြန်ချော်လဲခြင်း
၂။ ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း – က)
၃။ ဆောင်းရာသီရဲ့ နောက်နေ့များ (အပိုင်း – ခ)
၎။ ရင်ထဲက လက်ဖက်ရည်ဆိုင်
၅။ ယစ်မူးခြင်းများ
၆။ နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း – က)
၇။ နေပူထဲက ခွေးရူးတစ်ကောင် (အပိုင်း – ခ)
၈။ ကျွန်တော့်ရဲ့ ယခုအချိန်
၉။ နိဂုံး ၏ နောက်ဆက်တွဲ

၁။

အတောင်ညောင်းနေတဲ့ လင်းတတစ်ကောင်
အရက်ဆိုင်မှာ ထိုင်ဟောင်နေတယ်
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ရှောင်ပြေးလို့ လွတ်မတဲ့လား
ကိုယ့်ကိုယ်ကို လွှတ်မချချင်စမ်းပါနဲ့။

ယမာကာတစ်ခွက်ကို တပ်မက်နှစ်ခြိုက်
အကြီးစား မိုက်မဲမှုတစ်မျိုး
ငါက
ကမ္ဘာ့ဝင်ရိုးစွန်းတွေကို ဖြတ်ကျော်သွားမယ့်
အာကာသလွန်းပျံယာဉ်တစ်စင်း
မင်းက
အဆိပ်ပြင်းတဲ့ နှင်းဆီတစ်ပွင့်
ပါးပြင်းထောင်တတ်တဲ့
ဟန်ဆောင်မှုတွေကြားထဲ
ကျယ်လောင်စွာ အပြုစားခံခဲ့ရတယ်။

ဘာကိုယုံရမှာလည်း
“လုံခြုံမှု . . .” တဲ့
“ဘဝ အာမခံချက် . . .” တဲ့
လူတစ်ယောက်ရဲ့ ဘဝကို
ဘယ်လိုအရာမျိုးက
အာမခံချက်ပေးနိုင်မှာလဲ။

အချစ်ကို ယုံလို့
မြစ်ထဲ ခုန်ချခဲ့တာပဲ
ဒါ စုံလုံကန်း ဝါဒတဲ့လား
ဖြေရှင်းမပြနိုင်တာ ခွင့်လွှတ်ပါ။

မရှိတဲ့တရားကို
အသိမှားတွေနဲ့
မဟားဒယား တွန်းရှာ
အဆုံးမှာ ကိုယ့်အမည် ကိုယ် ပြန်သတိရ
ဒီ့ထက် စိတ်ချရတာ ဘာရှိသေးလို့လဲ။

ဒီလိုနဲ့သူဟာ
သီချင်းတွေကို ချစ်ခဲ့တယ်
သူငယ်ချင်းတွေကို ချစ်ခဲ့တယ်
လက်ဖက်ရည်ကို ချစ်ခဲ့တယ်
” . . . . . . .” ကို ချစ်ခဲ့တယ်။

၂။

ရင်ကွဲနာကျနေတဲ့
ဂစ်တာတစ်လက်ရဲ့သက်ပြင်းချသံ
(အရင်ကလိုပဲ) သန်မာပူနွေးဆဲပါပဲ။

အရေခွံအဟောင်းတွေကြောင့်
ရွဲ့စောင်းမှု ပိုမိုပြင်းထန်
ဟောဒီ ကန္တာရကောင်းကင်မှာ
အထီးကျန်ပျံသန်း
ခံနိုင်ရည်က ဆုံးဖြတ်ပါလိမ့်မယ်။

မမျှော်လင့်တဲ့ တွေ့ဆုံမှု
သူမရဲ့ရုတ်တရက် အပြုံး
ခြေလှမ်းတွေ အသက်ရှူနှုန်းတွေလွဲမှား
အားနာလိုက်တာ ညနေခင်းရယ်။

နားလည်နိုင်ပါ့မလား
ရိုးသားစွာ သေချာ
မှန်ကန်စွာ ရောင့်ရဲ
ကြေကွဲစွာ ပွင့်လင်း
မျဉ်းကြောင်း တစ်ကြောင်းပေါ်မှာ . . .

လူတစ်ယောက်ရဲ့ဖြောင့်ချက်ထက်
ငွေစက္ကူတစ်ရွက်က ပိုအရေးကြီးသလား
ကျွန်တော် လက်နက်ချမိတော့မလို့။

သင်္ချာညံ့တဲ့ သာမန်လူ
အဲဒီ မာကြောမှုတွေနဲ့ပဲ
လောကကို ဆုပ်ကိုင်
ဘယ်နေရာကို “အောင်လံ” စိုက်နိုင်ခဲ့ပါသလဲ
ခံတပ်တွေ တစ်ခုပြီးတစ်ခု ပြိုလဲကျခဲ့ရတယ်။

ဟန်ချက်ပျက် နေ့ရက်တွေအတွက်
ဘယ်သူ့ကိုမှ စွဲချက်မတင်လို
နေ့စဉ် မြိုချခံနေရတဲ့ လူ့သက်တမ်း
ချောက်ကမ်းပါးစွန်း ရောက်နေခဲ့ပြီ။

၃။

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

လွှတ်မချရဲပေမယ့်
ဘယ်နှစ်ခါ လွတ်ကျခဲ့ပြီလဲ။

နွေးထွေးလုံခြုံတဲ့ တွင်းတစ်တွင်း
ပြင်းပြစွာ တောင့်တ
စောင့်နေရတာ မပျင်းဘူးလား
မစဉ်းစားရဲတာကိုက
အားနည်းချက်တစ်ခုပဲ။

“ချစ်ခြင်း” ကို မျှော်လင့်
တရားသဖြင့် တွေးခေါ်
ပျော်ရွှင်မှုတွေဟာ အသေအချာ ရှိခဲ့ပါတယ်။

ဒီလိုနဲ့ ညနေဆို
လက်ဖက်ရည်ဆိုင်ထဲ ဝင်ခွေနေတတ်တဲ့
မြေပွေးတစ်ကောင် အဆိပ် မရှိချင်ယောင်ဆောင်လို့။
မိုးတိမ်တွေအောက်မှာ
တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်မကင်းဖြစ်နေရတာ
ရှက်စရာ မကောင်းဘူးလား။

လောကကြီးကလဲ
သူမရဲ့ ပေါင်တံလှလှပေါ်မှာ
ဟန်ဆောင်မှုတွေကိုတင်လို့
သူကလည်း သူ့ကိုယ်သူ ဖုံးကွယ်လို့
ငါကလည်း ငါ့ကိုငါ ဖုံးကွယ်လို့
ရှုံးမယ်ဆိုတာ သိပြီးသားပါ။

ညကတော့
ပြည့်လုဆဲဆဲ လရောင်အောက်မှာ
ကိုယ့်အရိပ်ကိုယ် ကြေကွဲစွာ တိမ်းရှောင်ရင်း
ကြေကွဲစွာ တိမ်းရှောင်ရင်း . . .
တိမ်းရှောင်ရင်း . . .

၎။

မနက်မိုးလင်းတော့
သီချင်းတစ်ပုဒ် ဝင်လာတယ်
သူ့ကိုယ်ပေါ်မှာ နာရေးကြော်ငြာကိုတပ်ဆင်
အာရုံမြင်ဂီတ
ဒါဟာ ဇာတ်ရဲ့အစ
နှင်းတွေ တဖွဲဖွဲ ကျလို့ရယ် . . .

သုံးနှစ်ကျော်ကျော် လွဲချော်မှု
ကိုယ့်ကိုယ်ကို ကုန်းကိုက်ချင်လောက်အောင် ဒေါသဖြစ်
လက်နက်ကိုင် စစ်တပ်တွေထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ကမ္ဘာစစ်ကြီး နှစ်ခုထက်
ကြောက်မက်ဖွယ်ကောင်းတဲ့ အချစ်
ဟောဒီခေတ်ရဲ့ ရာဇဝတ်ကောင်။
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ငါ ကျယ်လောင်မိခဲ့တယ်
ဟန်မဆောင်တတ်တာ အားနည်းချက်ပဲ

ဆုံးရှုံးမှုမျိုးဆက်ထဲက
အကွပ်မျက်ခံ လူငယ်တစ်ယောက်
သူ့ကို သူမ ဘယ်လောက် သဘောပေါက်သလဲ
တိုးလျှိုပေါက် မြင်နိုင်ပါ့မလား
ကိုးကွယ်စရာ ဘာသာတရားအသစ်ကို မျှော်လင့်
အသစ်စက်စက် ဦးနှောက်တွေကို မျှော်လင့်
မီးလျှံကြားက ပင့်ကူတစ်ကောင်
ခိုးကြောင်ခိုးဝှက် ကတိတွေ ပေးနေမိရဲ့။

ရင်ထဲက သူလျှိုမရယ်
ဝေခွဲမရမှုတွေဟာ ငါ့ကို ဆွံ့အစေပါတယ်
ပြောစရာ စကားတစ်ခွန်းအတွက်
တွန်းအားက ဘာများပါလဲ
ဇွန်းတစ်ချောင်း ယူခဲ့စမ်းပါ။

အလေးချိန်ရှိတဲ့လူ
သူ့ကိုယ်သူ တာဝန်ယူနိုင်ပါစ
ဟောဒီ နွံအိုင်ထဲမှာ
ဘယ်လောက်ကြာကြာ ကိုယ်ဖော့နေနိုင်မှာလဲ
တည်းတည်းလေးပဲ ကျန်တော့တယ် ….

လက်ဖက်ရည်ဆိုင်ရဲ့ ဟာလာဟင်းလင်း စားပွဲများ . . .
ပေါ့ပျက်ပျက် သတ္တုရေနွေးခရားများ . . .
အသံမဲ့ ဘာသာစကားများ . . .
. . . . . . . . . . . .
. . . . . . . . .
အားဍ . . . . . . . . .
ဒီလိုနဲ့ ညနေခင်းတစ်ခု ကျွံကျသွားတယ်
မစွန့်စားရဲသေးတဲ့
အသည်းကွဲ ရဲဘော်တစ်ယောက်
လက်ဖက်ရည်ကျကျတစ်ခွက် သောက်မိပြန်ပေါ့။

၅။

မြင့်သထက် ပိုမြင့်မား
လေရဲ့ မြှောက်စားမှုမှာ
ကလေးငယ်တစ်ယောက် လက်မှ လွတ်သွားသော
မိုးပျံဘောလုံးတစ်လုံး။

ဗြုန်းဆို ညနေခင်းရွဲ့စောင်း
ခေါင်းလောင်းသံများဖိတ်စင်
အမှောင်ရိပ်တွေဝင်လာပြီ
ငါ့ရဲ့တိတ်ဆိတ်မှုတွေကြောင့်
ငါ စောင့်နေရပြန်ပေါ့။

ရွံစရာ ဝန်စည်စလယ်တွေနဲ့
ခေတ်ကြီးတစ်ခုလို ပျက်ခဲ့ပြီလား
အချစ် ပလ္လင်ပေါ်
လည်စင်းပေးချင်တဲ့ သိုးငယ်
ခပ်လွယ်လွယ် ဘာသာရပ်တော့ မဟုတ်ဘူး။

မာကြောတဲ့ ဝေဖန်ရေးတွေကြား
အလေးချိန်မဲ့စွာ
ပမာဏမဲ့စွာ
ပုံသဏ္ဌာန်မဲ့စွာ
အသံမဲ့ ဒေသတစ်ခုသို့ အရောက်
ကြောက်စိတ်တစ်ခုထဲနဲ့
နေရဲခဲ့ပါပြီ။

ဟောဒီမှာ သေခြင်းတရားနဲ့ လဲလှယ်ဖို့
သက္ကရာဇ် နည်းနည်းပါးပါးနဲ့
စာြးွကင်းစားကျန်တွေပဲ ရှိပါတယ်။
အခုတော့ ကမ္ဘာ့ ဆွဲငင်အားမှ
ခေတ္တ ကင်းလွတ်သွားသော . . .
. . . . . . . . . . . . . . .
. . . . . . . . . . . .

၆။

ရူးသွပ်မိုက်မဲမှုလို့ ထင်ရတဲ့
မိမိကိုယ်ကို ကဲ့ရဲ့ခြင်းများ
အရေပြားများ ယားယံ
လက်ဖက်ရည်သောက်သလို သာမန်ကိစ္စ
တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ
လွယ်တာမှတ်လို့။

လျှပ်တစ်ပြတ် ပြောင်းလဲခြင်းမှာ
အလောင်းတစ်လောင်းလို အေးစက်တောင့်တင်း
မဖြောင့်မတ်ပေမယ့်
အတ္တစင်ရုံမျှ
ဘယ်တုန်းကမှ မရှိခဲ့တဲ့ လူသားတစ်ဦး
တိုးလျှိုပေါက်နယ်ထဲကို ပူးကပ်ဝင်ရောက်ခဲ့။

နားထောင်နေရတဲ့ သီချင်းတွေကလည်း
လည်ပင်းကို လာစွပ်တဲ့ ကြိုးကွင်းတွေလို

ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ
ကိုယ့်တွင်းကိုယ်တူးပြီးပါပြီ

ခံတွင်းပျက်နေတဲ့ ကြောင်နဲ့
အတောင်ပံ ကျိုးနေတဲ့ ဇရက်
တကယ့်အဖြစ်အပျက်တွေလို ပြင်းထန်
သံသယတွေခြောက်လှန့်
လက်ဝါးဖြန့်ဖို့ကို စဉ်းစား
ရိုးသားမှုနဲ့ အချိန်ကာလက
ဘဝတွေကို ပြုပြင်မွမ်းမံပေးနိုင်မလား။

ခုတော့
တစ်ယောက်က ဘဝမှာ နောက်ကျောမလုံသူ
တစ်ယောက်က ဘဝမှာ နောက်ကျောဓားထိုးခံရဖူးသူ

နေ့စဉ် မြင်ကြမှာပါ
ဟောဒီ ကားစင်ပေါ်မှာ
အရှင်လတ်လတ် မီးတင်ရှို့ခံနေရတာ
ငါပဲ။

၇။

အဆင်သင့် မဖြစ်သေးတဲ့ ကာလ
ပိုက်ဆံ နည်းနည်းပါးပါးနဲ့ မိန်းမတစ်ယောက်ကို မျှော်လင့်
နောက်ထပ်တစ်ကြိမ် ယစ်မူးခွင့်
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ
အဲဒီ ပန်းပွင့် ဘယ်တော့ပွင့်မှာလဲ။

လက်ဖက်ရည် ဂါလံများစွာ
ဆာလောင်မွတ်သိပ်စွာ မြိုချ
တစ်လပြီး . . . . . . တစ်လ
နောက်တစ်လ
ရုန်းမရနိုင်တဲ့ ကျော့ကွင်း
ကိုယ့်ကိုယ်ကို ညှင်းဆဲနေရတာ
ဟေ့ကောင်! မင်း မပျင်းဘူးလား။

နူးညံ့ပျော့ပျောင်းတဲ့ တေးဂီတတွေ
ငါ့ ဘဝမှာ ရှိမှ ရှိပါ့မလားလို့ဆိုတဲ့
သံသယတွေနဲ့
ငါ မပြောဖြစ်သေးတဲ့ စကားတွေ . . .
ငါ မမက်ရဲသေးတဲ့ အိပ်မက်တွေ . . .
လျှို့ဝှက်စွာ သိမ်ငယ်ခဲ့ရ
မပြေလည်မှု နေ့ရက်များရဲ့
ကြေငြာချက်တစ်စောင် မထုတ်ပြန်မီ . . .။
ခွင့်လွှတ်ပါကွာ
ခုလိုအခါမှာ ကိုယ့်အထုပ်ကိုယ် ဖြေပြရတာ
နည်းနည်းတော့ ရှက်စရာကောင်းပါတယ်။

သင်းခွေချပ်တစ်ကောင်လို
နေတတ်ခဲ့ရင်တော့ အကောင်းသား . . .။
ခုတော့ ငါ့ ကိုယ်ငါ ပိတ်လှောင်ထားတာပဲ
ပိုချစ်စရာ ကောင်းမလားလို့။

၈။

မိုးအုံ့ ညနေရဲ့ ရင်ခွင်ထဲက
လပ်ဟာမှုဝိညာဉ်
မေတ္တာတရားရဲ့ ဆွဲငင်မှုမှာ
သူ့ရဲ့ယူကြုံးမရ ဟင်းလင်းပြင်
သက်ညှာစွာ စီရင်ချက် ချပါတော့။

တိုက်ဆိုင်မှုတွေ အလယ်မှာ
မမိုက်ကန်းရဲခဲ့ပါ
ဝမ်းနည်းရမှာကို သိပါတယ်
ခုလို ဖုံးကွယ်နေရတာကိုက
ပိုမို ကြေကွဲဖွယ်
ဘာမှမတတ်နိုင်ခြင်း ပင်လယ်။

အထီးကျန်
အထီးကျန်
အထီးကျန် . . . တဲ့
ဒီအသံက ကျယ်လွန်းအားကြီးတယ်
သွေးသားတောင်းဆိုမှု သက်သက်နဲ့တော့
အဲဒီ ဖန်ခွက်ထဲ ခုန်မဆင်းရဲပါဘူး။

ကိုယ့်စိတ်ကိုယ် အလိုလိုက်မိတဲ့
ခေါင်းငိုက်စိုက်နာရီတွေ
ဟောဒီ တစ်နွေလုံး
သူ့ခမျာ အရည်ပျော်နေရှာတယ်
လက်ဖက်ရည်ဆိုင်ရဲ့ ခပ်နိမ့်နိမ့် ထိုင်ခုံပေါ်မှာ။

ဘာဖြစ်လို့ ရင်းနှီးဖို့ ဝန်လေးနေတာလဲ
တစိမ်းဆန်ဆန် နေထိုင်ခြင်းဟာ
ပျင်းစရာကောင်းပါတယ်။

ကျေနပ်လောက်အောင် မဖန်တီးနိုင်တဲ့ အနေအထား
အဲဒီ တံတားက စိတ်မချရဘူး
အနိုင်မရခဲ့တဲ့ ပြိုင်ပွဲတွေ . . .
နေ့စွဲတွေ . . .
. . . . . . . . . ။

အဆုံးအစွန်အထိ စွဲလန်းခဲ့
အဆုံးအစွန်အထိ စွန့်လွှတ်ခဲ့
အစွန်းနှစ်ဘက်ကို ဆက်သွယ်ထားတဲ့ မျဉ်းတစ်ကြောင်း
ခေါင်းမာမှုတွေနဲ့ ပျော်ချင်ယောင်ဆောင်
မျှော်လင့်ချက်မဲ့ပုံက ဆန်းကြယ်လှပေရဲ့။
ခုတော့ ထွက်ပေါက်မဲ့စွာ
သူ့ဆာလောင်မှုကို ဘယ်သူကြားနိုင်မှာလဲ
အခွင့်အရေးနဲ့ အစွမ်းအစ
မညီမျှသေးခင် . . .
. . . . . . . . . . . .
. . . . . . . . . ။
ငှက်ပျောသီးတစ်ဖီးလောက်မှ
မကြီးကျယ်နိုင်သူတစ်ယောက်
ကိုယ့်ကိုယ်ကို သစ္စာဖောက်ဖို့ဆိုတာ
သိပ်နောက်ကျနေပြီ။

၉။

ရေမြွေတစ်ကောင်လို နေနိုင်ခဲ့ရင်တော့ အကောင်းသား
မိကျောင်းတစ်ကောင်ဖြစ်နေတာက ခက်တယ်။

လောလောဆယ် နေ့ရက်တွေကတော့
ဗွက်အိုင်တွေထဲမှာပါပဲ
ဒါတောင်မှ သွေးမပျက်တတ်သေးတာ
မိုက်တွင်းနက်တယ် ဆိုမလားပဲ။

ကိုယ့်ပျော့ညံ့ချက်တွေအတွက်
ကိုယ့်ကိုယ်ကို ကန့်ကွက်
ဘာကိုမှ မိမိရရ မဆုပ်ကိုင်ဖြစ်သေးတဲ့ လက်ချောင်းတွေနဲ့
တစ်ရက်ပြီးတစ်ရက် ကြက်ခြေခတ်ခဲ့ရ

ညပေါင်းများစွာ . . .
“စတေးရမယ် . . .
စတေးရမယ် . . .”
အဲဒီလိုတွေးမိပြန်တော့
လောင်းကစားသမားရဲ့ ပုံအောမှုမျိုးကို
ကိုးကွယ်သူတစ်ယောက်အနေနဲ့
နည်းနည်းချင်းတော့ ဖဲ့မပေးနိုင်။

မေ့လျော့ခြင်းကို အပြစ် မတင်ပါနဲ့
ဘဝကို နာကြည်း ငြီးငွေ့စွာ
တစ်ယောက်က ပြောတော့
“ဘဝဟာ မသေချာတော့ဘူး . . .” တဲ့
ဒုက္ခတောအုပ်ထဲမှာ
မင်းဘဝလေး မိုးမချုပ်စေလိုတဲ့ စေတနာ
ခွင့်လွှတ်ပါကွာ . . . ။
စကားလုံးတွေကို အားပြုနေရတာ
ရွံစရာကောင်းလှပါတယ်
လောကရဲ့ ရွဲ့စောင်းမှု ထုသွင်ကြီးထဲမှာ
စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်
မိမိရဲ့ ကြောင်တောင်ကန်း စိတ်ဓာတ်ကို ပျက်ရယ်ပြု
ယုံကြည်မှုဆိုတာ တစ်ခုထဲနဲ့
ဟောဒီ ကမ္ဘာကြီးပေါ်က
တစ်စုံတရာကို ရယူချင်မိတာပါ။

လှသန်း

noted: ၈၀ပြည်လွန် ၉၀မတိုင်မီမှာ ကိုလှသန်း(ကြည်မောင်သန်း) ရေးခဲ့တဲ့ ကဗျာဖြစ်ပါလိမ့်မယ်။
ဖော်ဝေးနဲ့ မောင်ချောနွယ်ရဲ့ လွှမ်းမိုးမှုကို အများကြီး တွေ့ရသလို အောင်ချိမ့်သြဇာလည်း မကင်းနိုင်ခဲ့ဘူးလို့ ထင်ပါတယ်။ တစ်ကြိမ်တစ်ခါမျှ မဖော်ပြဖူးတဲ့ ကဗျာတစ်ပုဒ်ကို ကိုလှသန်း ကွယ်လွန်ခြင်း ခြောက်လပြည့် အနေနဲ့ ကိုမိုးဝေးရဲ့ နှစ်ကာလများက စာအုပ် ထုတ်ခဲ့ပါတယ်။
လှသန်း နာမည်နဲ့ ပထမဆုံး ထွက်လာတဲ့ ကဗျာစာအုပ်ပါ။

အသည်းကွဲ ဘ၀ပျက် ကဗျာ။ ဒီလိုပဲ လွယ်လွယ် ဆိုရမလား။ (မောင်ချောနွယ် ပြောသလို) နှလုံးသွေးနဲ့ ရေးထားတဲ့ ကဗျာလား။
ဒီကဗျာကို ဖတ်ပြီးချိန်မှာ သွေးတိုးပါတယ်။ ရင်ဘတ်ကို ဖိထားမိပါတယ်။
တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုခံစားရလို့ပဲ ဒီကဗျာကို ပြန်တင်လိုက်ပါတယ်။
တင်ဖို့ပေးတဲ့ ကိုမိုးဝေးကိုလည်း ကျေးဇူးတင်ပါတယ်။

တောကျောင်း

1 Comment

Filed under ကဗျာ

ပို့စ်မော်ဒန် အယူသီးမှု အလွန် ငါတကယ် အိပ်ချင်နေပြီ

ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှု၊ မြင်းစိုင်းသူများမှ ရေးသူ လူဆန်းအထိ

ကျွန်တော်တို့ဆီမှာ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်၊ အရေးအသား တစ်ပုဒ်ကို တွေ့နေကြ ပုံစံမဟုတ်ဘဲ အထူးသဖြင့် စာသားတွေ အဆက်အစပ် မဲ့နေတာ စလယ်ဆုံး ညီညွတ်မှုမရှိတာ အကြောင်းအရာနဲ့ အဓိပ္ပါယ်တွေ ဟိုရောက် ဒီရောက် ဖြစ်နေတာ သဒ္ဒါအားဖြင့် မှားယွင်းနေသယောင် ထင်ရတာ နောက်ဆုံး ရုပ်ပိုင်း ဆိုင်ရာမှာ မြင်တွေ့ရမှာဖြစ်တဲ့ စာသားတွေကို နေရာချထားတာ ဖြတ်ညပ်ကပ် လုပ်ထားတာ တခြား(သိပ္ပံ၊ သင်္ချာ) နယ်ပယ်က ဝေါဟာရတွေ သင်္ကေတတွေ ပါလာတာ ကိန်းဂဏန်းတွေ မြှားတွေ မျဉ်းတွေ ရုပ်ပုံ သင်္ကေတတွေ ပါလာတာ စသဖြင့် တွေ့ရလို့ရှိရင် ဒီစာ/ကဗျာ/အရေးအသားဟာ ပို့စ်မော်ဒန် လက်ရာ တစ်ခုပဲလို့ ထင်မှတ်ကြမှာ အသေအချာပဲ။ ဒါဖြင့် မဟုတ်လို့လား ဆိုတော့ ဟုတ်ပါတယ်၊ လုံးဝ မဟုတ်ပါဘူး။

၉ဝခုနစ်အလွန်က ကျွန်တော်တို့ဆီမှာ (စာပေလောကမှာ) လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ ပို့စ်မော်ဒန်ဆိုင်ရာ နည်းနာနိဿယ ဖြန့်ချီမှုတွေဟာ ဒီလို ပို့စ်မော်ဒန်အပေါ် ထင်မြင် ယူဆချက်တွေကို စွဲမြဲ ခိုင်မာစေခဲ့တာ ဖြစ်တယ်။ ပို့စ်မော်ဒန်ဆိုတာ လူ နားမလည်တာ ရိုးရိုးမက ဆန်းဆန်း ကတာ၊ နငယ်မှာ အမြီးတပ်တာ၊ စတန့်ထွင်တာ၊ စိတ်ကူး တည့်ရာ လုပ်တာ စတဲ့ နားလည်ထား ပုံမျိုးနဲ့ ကာတွန်းတွေ လူရွင်တော် တွေရဲ့ ပြက်လုံး ထုတ်စရာ အထိ ဖြစ်ခဲ့ပါတယ်။ ၉ဝခုနစ် အလွန်တွေမှာ ကျွန်တော်တို့ အများဆုံး ဖတ်ရှုခဲ့ရတဲ့ ပို့စ်မော်ဒန်နဲ့ စပ်လျဉ်းတဲ့ စာပေတွေ ဆိုတာ ဒီလို ဗရမ်းဗတာ နိုင်တဲ့ အနုပညာ ဖန်တီးမှုတစ်ခု မဟုတ်မှန်း ခံစား နားလည်နိုင်ပေမယ့် တလွဲ ဆံပင်ကောင်း ရေးသား ပို့ချမှု တချို့ကြောင့်နဲ့ နောက် ပို့စ်မော်ဒန်ကို ဒီလိုမျိုးတွေ ထင်မှတ်အောင် တွန်းပို့ခဲ့တဲ့ ဒီ (၉ဝအလွန် ဝန်းကျင်)တုန်းက တင်သွင်းခဲ့ ရေးသား ပြုလုပ်ခဲ့တဲ့ လက်ရာတွေက ပုံသဏ္ဌာန် ဆိုင်ရာ အစွန်းရောက် တီထွင်မှုကို အများဆုံး ဖေါ်ဆောင် ခဲ့ကြလို့ပဲ။ ဒါဟာ ဘယ်လို ဘာကြောင့် ဒီမှာ ဒီလိုဖြစ်ခဲ့သလဲ မဆိုနိုင်ပေမယ့် ဒါဟာ အနောက်တိုင်းက ပို့စ်မော်ဒန် ပထမ မျိုးဆက်တွေရဲ့ စမ်းသပ် တီထွင်မှုတွေနဲ့ မလွတ်ကင်းဘူး ဆိုတာတော့ သိလာရတယ်။

ပထမ မျိုးဆက်တွေ အနေနဲ့ တည်ရှိဆဲ စာပေ လက်ရာတွေကနေ ရုန်းထွက်ဖို့ ကြိုးစား ကြည့်တဲ့အခါ ဖြစ်နိုင်ချေ အရှိဆုံး ဖန်တီးမှု တစ်ခုက ပုံသဏ္ဌာန်ဝါဒပဲ။ ဒီ ပုံသဏ္ဌာန် ဝါဒကို (ပို့စ်မော်ဒန် အမှတ်နဲ့) အဲဒီတုန်းက (၁၉၇ဝ-၁၉၉ဝ ခုနှစ် ဝန်းကျင်) အမြင့်ဆုံး ရောက်ရှိခဲ့တဲ့ လက်ရာ တစ်ခုကို ထုတ်ပြရရင် သစ္စာနီရဲ့ မြင်းစိုင်းသူများပဲ။ ကဗျာသမား အများစု သိနိုင်တဲ့ သစ္စာနီရဲ့မြင်းစိုင်းသူများဟာ ခုနက ပြောခဲ့တဲ့ စာသားကို ရုပ်ပိုင်း ဆိုင်ရာ ပြုပြင်ထားတာတို့ ရုပ်ပုံနဲ့ ပြထားတာတို့ စတာတွေနဲ့ ရေးစပ် ဖန်တီး ထားသလို စာဖတ်သူတို့ ကြားမှာ ပို့စ်မော်ဒန် လက်ရာ အဖြစ် စာဖတ်သူ တွေက ထင်မှတ် ဖတ်ရှုခဲ့ကြတာ ဖြစ်တယ်။ (ဆရာ) သစ္စာနီ ကိုယ်တိုင်ကလည်း မြန်မာကဗျာ ရွေ့လျား တိုးတက် လာပုံ ဆောင်းပါးတွေ ရေးပြီး ပို့စ်မော်ဒန် ကဗျာ/ စာပေကို မိတ်ဆက်ရင်း အနုပညာ လက်ရာ တစ်ခု အနေနဲ့ နမူနာပြ ရေးဖွဲ့ခဲ့တာ ဖြစ်တော့ ဆရာ ကိုယ်တိုင်က ဒီလက်ရာကို ပို့စ်မော်ဒန် ကဗျာအမျိုးစား တစ်ရပ်လို့ သတ်မှတ်ခဲ့ဟန် တူတယ်။ ဒါပေမယ့် တကယ်တမ်း ကျတော့ ဒီလို ဖန်တီး ရေးဖွဲ့မှုဟာ အရှေ့မှာ ရှိနှင့်တဲ့ စာပေ/ကဗျာလက်ရာ ဆိုပါစို့ ရိုမန္တိက၊ သရုပ်မှန်၊ မော်ဒန်၊ ခေတ်ပေါ် စတာတွေကို ဆန်းသစ်မှု အမြင်စိမ်းမှု သက်သက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အရသာ ကျော်လွှား နိုင်ခဲ့တာ ဖြစ်ပြီး (အဲဒီ ၉ဝခုနှစ် တွေတုန်းက) ရှိရင်းစွဲ အစဉ်အလာ လက်ခံထားတဲ့ စာပေ/ကဗျာ ဖြစ်မှု အပေါ်မှာပဲ အလုပ် လုပ်နေဆဲ ဖြစ်တယ်။ နားလည် လွယ်အောင် ပြောရရင် အဲဒီ အချိန်တုန်းက ခေတ်ပေါ် ကဗျာတစ်ပုဒ်ကို ရုပ်ပိုင်း ဆိုင်ရာမှာ ပြန်လည် တည်းဖြတ်ထားပြီး တင်ပြ ထားခြင်းသာ ဖြစ်တယ်။ ဆိုလိုတာက မြင်းစိုင်းသူများဟာ ကဗျာ တင်ပြပုံ တစ်မျိုးသာ ဖြစ်ပြီး ပို့စ်မော်ဒန် ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်သလို ပို့စ်မော်ဒန်ကို မဟာ စာပေ ပညာရှင်ကြီးတွေမှ ဖန်တီးနိုင်တယ်ဆိုတဲ့ သိမှတ် ခံစားမှုမျိုး ရှိနေသူ အတွက်ကတော့ ဒီလို ဖန်တီးမှု လက်ရာဟာ တန်ဖိုး လျော့ကျသွားဖွယ် ရှိပါတယ်။ မြင်းစိုင်းသူများမှာ ကဗျာ ရေးဖွဲ့ဖန်တီးသူရဲ့ အတ္တနဲ့ အသိပညာ ဆိုင်ရာ စုစည်းမှုကို တွေ့ရတဲ့အပြင် (style) ဟန်အခြေပြု Collage ပုံစံတွေ မျိုးပါ တွေ့ရတဲ့ အတွက် ဒီစာအုပ်ဟာ မော်ဒန်ကဗျာ စာအုပ် တစ်အုပ် လို့တောင် ဆိုနိုင်တယ်။ ကျွန်တော်တို့ ထင်ခဲ့သလို ပို့စ်မော်ဒန် ကဗျာ စာအုပ် တစ်အုပ်လို့ မဆိုနိုင်ဘူး။ အခု ဒီနေ့မှာတော့ မြင်းစိုင်းသူများရဲ့ ကဗျာ ဖန်တီးမှု ပုံစံမျိုးနဲ့ (အပေါ်ယံ ကြည့်ရင်) ခပ်ဆင်ဆင်လို့ ထင်ရတဲ့ ငုအိမ်ထက်မြက်၊ သည်မော်နိုင်၊ ငြိဏ်းဝေ တို့ ရှိပါတယ်။ ဒါပေမယ့် သူတို့ကတော့ မြင်းစိုင်းသူများထက် အများကြီး ကျယ်ပြန့်ခဲ့ပြီလို့ ဆိုနိုင်တယ်။ သူတို့ကတော့ ဘာသာစကား/စာသားနဲ့ ရုပ်ပုံ ကစားမှုတွေ (အစောပိုင်း ပို့စ်မော်ဒန် သမားတွေရဲ့ တော်လှန်ရေး အမြင် ပုံသဏ္ဌာန်ဝါဒနဲ့ (style)ဟန် အခြေပြု ဖန်တီးမှုမျိုး) ရှိတယ် ဆိုပေမယ့် ဒီလို ဖန်တီးမှုနဲ့ အတူ ‘ပို့စ်မော်ဒန် လောကအမြင်’ပါ အသားပေး တွဲစပ်ထားတာ တွေ့ရတာကြောင့် သူတို့ လက်ရာတွေကတော့ ပို့စ်မော်ဒန် အနုပညာ ဖန်တီးမှုထဲမှာ အကျုံးဝင် လောက်ပါတယ်။ (အကျုံးဝင် လောက်တယ်လို့ပဲ ဆိုရတာက အနုပညာ လက်ရာ တစ်ခုကို တံဆိပ်တစ်ခု လေဘယ်တစ်ခု တိတိကျကျ ကပ်ဖို့ဆိုရင် ဒီထက်မက ခွဲခြမ်း စိတ်ဖြာရ အုံးမှာ ဖြစ်တဲ့အတွက်ပါပဲ)

ကျွန်တော်က ပို့စ်မော်ဒန်ကဗျာဆိုတဲ့ ခေါင်းစီးအောက်မှာ ပုံစံအမျိုးမျိုးနဲ့ရှိနေတဲ့ ကဗျာတွေကို ချဉ်း ကပ်ပြီး ကောက်နှုတ်ပြတဲ့ ဆောင်းပါးရေးဖို့ ကြံရွယ် တဲ့အခါ လူဆန်းရဲ့ ရေးသူလူဆန်းဆိုတဲ့ ကဗျာလုံး ချင်း စာအုပ်ကို ရွေးချယ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရေးသူ-လူဆန်းစာအုပ်မှာ ကဗျာ အမျိုးအစား အစုံအလင်ကို ကဗျာရေးသူက စမ်းသပ် ရေးဖွဲ့ထားတာ တွေ့ရလို့ပါပဲ။ ခုနကပြောတဲ့ အစောပိုင်း ပို့စ်မော်ဒန် သမားတွေ ရဲ့ တော်လှန်ရေး အမြင် ပုံသဏ္ဌာန်ဝါဒီနဲ့ (style)ဟန် အခြေပြု ရေးဖွဲ့ထားတဲ့ ကဗျာလို့ ထင်ရတဲ့ ကဗျာမျိုး လူဆန်းရဲ့ကဗျာ စာအုပ်မှာ ပါရှိပါတယ်။ ‘သုံးဆယ့် တစ်ကြောင်း’ ‘အွန့်၊ အဲ အသံစမ်း သပ်ချက်များ’ ‘အချစ် သေးသေးလေး’ ‘ချိန်ညှိခြင်း’ စတဲ့ ကဗျာတွေ။ အထူးသဖြင့် ‘ချိန်ညှိခြင်း’ဆိုတဲ့ ပုဒ်မှာ။

ချိန်ညှိခြင်း

ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏ ဤဝါကျသည် ကျစ်လစ် သိပ်သည်း၏ ထိုဝါကျသည် ကျစ်လစ် သိပ်သည်း၏
အခြားသော ဝါကျသည် ပွယောင်း ခေါင်းဆံသည်။

၉ဝခုနှစ် ဝန်းကျင် ဘာသာပြန် ပို့စ်မော်ဒန် အယူသီးမှု အယ်လ်ပီနဲ့ တခြားကဗျာဗေဒများ

၂ဝဝဝခုနှစ် နှောင်းပိုင်း တွေမှာတော့ ကျွန်တော်တို့ ဆီမှာ ပို့စ်မော်ဒန်(ကဗျာ)ဟာ တကျော့ပြန် ရောက်ရှိလာခဲ့တယ်။ အထူးသဖြင့် (ကို) ဇေယျာလင်းရဲ့ အားထုတ်မှုတွေ ဖြစ်တယ်။ ၉ဝခုနှစ် အလွန် ဝန်းကျင်က ပို့စ်မော်ဒန် သီဝရီတွေ စာပေ လက်ရာတွေ ဟုန်းခနဲ တစ်ချက် တောက်ခဲ့ပေမယ့် ကြားထဲက နှစ်ကာလတွေမှာ ပို့စ်မော်ဒန် စာပေ/ပို့စ်မော်ဒန် ကဗျာရယ်လို့ ပြောပလောက်အောင် မရှိခဲ့ဘူး။ မရှိခဲ့ဘူး ဆိုတာ အစ ကတည်းက ဈေးကွက်ကို ထည့်မစဉ်းစားဘဲ အနုပညာ ဖန်တီးလေ့ရှိတဲ့ စာရေးဆရာ ကဗျာဆရာတွေ ကြားမှာတောင် မရှိခဲ့ဘူးလို့ ဆိုချင် တာပါ။ ပို့စ်မော်ဒန်လို့ ယောင်ယောင် ထင်ရတဲ့ ရေးဖွဲ့ ဖန်တီးမှု အချို့ ရှိပေမယ့် ခုနက ပြောခဲ့သလို ပုံသဏ္ဌာန် ဆိုင်ရာ အစွန်းရောက် တီထွင် စမ်းသပ်မှု အချို့ကိုသာ အလေးပေး ရေးဖွဲ့ခဲ့ကြတာတွေ ဖြစ်တယ်။ ဒါပေမယ့် ဒီနေရာမှာလည်း အနည်းငယ် ရှုပ်ထွေးနေတာ တစ်ခုရှိတယ်။ တကယ် တော့ ပို့စ်မော်ဒန်ဟာ ကျွန်တော်တို့ ရှိမှာ မရှိခဲ့ မဖြစ်ခဲ့ဘူး မဟုတ်ဘူး၊ ရှိခဲ့ ဖြစ်ခဲ့တယ်။ ပို့စ်မော်ဒန်ရဲ့သဘောတရား ကလည်း ထူထောင် တံဆိပ် ကပ်ရတာမျိုး မဟုတ်ဘဲ ကာလတစ်ခုမှာ ဖြစ်-ရှိ နေတဲ့ အခြေအနေ တစ်ခုလို့သာ ကျွန်တော် နားလည်ထားတယ်။ ဒီလို ကျွန်တော်တို့ အနီး အနားမှာ ဖြစ်-ရှိ နေတဲ့ ပို့စ်မော်ဒန် အခြေအနေ ပို့စ်မော်ဒန် အငွေ့အသက် ပို့စ်မော်ဒန် ဖြစ်မှု တွေကိုတော့ ကျွန်တော်တို့ မမြင်နိုင်ခဲ့ ဘဲ နိုင်ငံရပ်ခြား စာအုပ်ကြီးတွေ ကတဆင့် ကြီးကြီး ကျယ်ကျယ်နဲ့ မိတ်ဆက် နားလည်ခဲ့တဲ့ ‘ပို့စ်မော်ဒန်'(ဒဏ္ဍာရီထဲက ပို့စ်မော်ဒန်) နောက်ကိုသာ ကျွန်တော်တို့ အမှီ လိုက်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်တယ်။ အခု ဒီနေ့မှာ ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန် အယူအဆ အပါအဝင် စာပေ/ကဗျာ အယူအဆ တွေကိုလည်း ဒီလို လွဲမှား နားလည်မှုမျိုး ထပ်ဖြစ်မှာ စိုးရိမ်စရာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အသစ် ပြန်လည် ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန်နဲ့ စပ်လျဉ်းတဲ့ အရေးအသားတွေ ဆိုပါစို့ အယ်လ်ပီလို ကဗျာပုံစံမျိုးကို မိတ် ဆက်၊ ရေးသား၊ ဖန်တီး လာသူတွေမှာ သူတို့ရဲ့နောက်ခံ ကဗျာဗေဒ စနစ်တကျ ရှိခဲ့သည့်တိုင် အစောပိုင်း ပို့စ်မော်ဒန် ဆိုတာရဲ့ အားနည်း ချက် တွေအပေါ် သိရှိ ခံစားထားတဲ့ မျိုးဆက်က အခု တစ်ကြိမ် ထပ်မံ ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန်နဲ့ ပို့စ်မော်ဒန် အနွယ်ဖွား စာပေ လက်ရာ ဖန်တီးမှုတွေကို ထပ်မံ စောင့်ကြည့်ဖို့ လက်မခံတော့ဘဲ ကြောက်လှန့် သံသယ စိတ် လွန်ကဲမှုနဲ့ ခါးခါး သီးသီး ဝေဖန် တိုက်ခိုက် လာကြတာ တွေ့ရလို့ပါပဲ။ (ကဗျာ)အသစ် ပြုလုပ်သူတွေဟာ အစပိုင်းမှာ ဥပက္ခာ ပြုထားပုံ ရပေမယ့် နောက်ပိုင်းမှာ မပြောမပြီး မတီးမမြည် ဖြစ်လောက်အောင် ကြုံလာရပြီး ဖြေရှင်းမှုတွေ ပြုလုပ်လာတာ တွေ့ရတယ်။ နောက် ဖြေရှင်းရာကနေ ကာကွယ်၊ ကာကွယ်ရာ ကနေ ပြန်လည် တိုက်စစ်ဆင်တဲ့ အဆင့်ထိ ရောက်ရှိလာတာ တွေ့ရတယ်။ အဲဒီအခါမှာ အသစ် ပြုလုပ်သူတွေဟာ မိမိ အယူအဆကို အခိုင်အမာ ထူထောင်ပြဖို့ အသွင် ဆောင်လာတယ် ဆိုပေမယ့် ထူထောင်ပြမယ့် နည်းလမ်းဟာ သူတို့ဆီက ပထမ မျိုးဆက် ပို့စ်မော်ဒန် အယူအဆ ကို ပြန်လည် အသက် မသွင်းမိဖို့တော့ သတိ ပြုရလိမ့်မယ်။

ဒီနေ့ ပို့စ်မော်ဒန် ဟာလည်း ၉ဝခုနစ် ပို့စ်မော်ဒန်လိုပဲ အစွန်းရောက် ပုံသဏ္ဌာန် ဆိုင်ရာ စမ်းသပ် တီထွင်မှုကို အခြေခံပြီး အနောက် လူ့အဖွဲ့အစည်း အတွင်း မှာသာ အခြေတည် ပေါ်ပေါက်ခဲ့တဲ့ ဗဟိုချက် မဲ့ခြင်းတို့၊ ဖျင်/နွှာ/ခွာခြင်းတို့၊ ပိုင်းစ စိတ်မြွာခြင်းတို့၊ အဆက်အစပ် မဲ့ခြင်းတို့၊ ယောက်ယက်ခပ် ခုန်ကျော်ခြင်းတို့၊ စိတ်အလျဉ် စီးကြောင်း အတိုင်း ရေးခြင်းတို့၊ ရေးဖွဲ့သူက လွဲရင် ဖတ်သူ အားလုံး နဖူးချွေးပြန် နားလည်ရ ခက်ခြင်းတို့ အပေါ်မှာပဲ တည်မှီ နေအုံးမယ် ဆိုရင်တော့ အစကတည်းက ပို့စ်မော်ဒန် အပေါ် မျက်မုန်း ကျိုးနေ သူ တွေအတွက် ဝေဖန် တိုက်ခိုက်ဖို့ အခွင့်အရေး ပေးသလို ဖြစ်ရုံက လွဲပြီး စာပေ/ကဗျာလောက အတွက် ဘာမှ အကျိုး ထူးလာမှာ မဟုတ်ဘူးလို့ ထင်တယ်။

နားမလည်နိုင်တဲ့ နားလည်ရခက်မှု

နားလည်ရ ခက်ခြင်းဆိုတဲ့ နေရာမှာ မော်ဒန်/ပို့စ်မော်ဒန် ကဗျာဖတ်သက်တမ်း ရင့်သူတွေတောင်မှ နားလည်ရ ခက်တာမျိုးကို ဆိုလိုတာပါ။ (နားမလည် ရင်မဖတ်နဲ့ ဆိုတဲ့ ဆရာဇော်ဇော်အောင် စကားကို ကျွန်တော် နားလည်ပါတယ်၊ သူ့စာတွေ (ဆောင်းပါး မဟုတ်) အားလုံး လည်း နားလည် ခံစားလို့ ရပါတယ်) အရင်က မော်ဒန်စာပေ အဖြစ် နားလည် ဖတ်ရှုခဲ့ပေမယ့် ယနေ့မှာ ပို့စ်မော်ဒန် လက်ရာ အတွင်းမှာပါ အကျုံးဝင်လာတဲ့ ဂျိမ်းဂျွိုက်စ်တို့ ကာဖကာတို့ ဂါဇီယာ မားကွစ်စ်တို့ရဲ့ စာပေ လက်ရာတွေ၊ နောက် ဖရန့်ခ်အိုဟားရားတို့ အက်ရှ် ဘရီတို့ ဘန်းစတိုင်း တို့ရဲ့ ကဗျာ လက်ရာတွေ အထိ ကျွန်တော် ဖတ်ရှုရသလောက် ဘယ်လို နားလည် ခံစားရမှန်း မသိအောင် ဖြစ်တာမျိုး မရှိပါဘူး။ မျဉ်းဖြောင့် အတိုင်း မရေးဖွဲ့ခြင်း၊ စလယ်ဆုံး မဲ့ခြင်း၊ လိုင်းရစ်ဆန်မှုကို ငြင်းပယ်ခြင်း၊ တစ်နည်း ပြောရရင် အလွယ် နားလည်နိုင်တဲ့ စကားပြေ/ဝတ္တု အသွားပုံမျိုး မပေါက် အောင် ကဗျာအဖြစ် ပြောင်းလဲတယ် ကဗျာဓါတ် စီးဝင်လာအောင် ပြုလုပ် ကြတယ် ပို့စ်မော်ဒန် ကဗျာ ဖြစ်အောင် ပြုလုပ် ကြတယ် ဆိုတာ နားလည်ရ ခက်သွားအောင် ပြုလုပ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကဗျာဓါတ် ကဗျာ အရသာဟာ နည်း အမျိုးမျိုးနဲ့ နားမလည် အောင် ရေးဖွဲ့ခြင်း သက်သက်ထဲမှာ တည်မှီနေတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ နားလည်ရ ခက်ရုံနဲ့ ကဗျာဓါတ် ပေါက်မယ်၊ ပို့စ်မော်ဒန် ဖြစ်မယ် ဆိုရင်တော့ ကျွန်တော်တို့ ကဗျာဖတ်မယ့် အစား သင်္ချာ ပုစ္ဆာတွေ ထိုင်တွက်၊ သိပ္ပံ ဘာသာရပ် ဖေါ်မြူလာတွေ ထိုင်တွေး၊ ဥာဏ်စမ်း ကစားနည်းတွေ ဘာသာစကားဆက်စပ်ကစားရတဲ့ ဆူဒိုခုကစားနည်းတွေ ထိုင်ကစားနေရုံပါပဲ။ (အလွန် လှပတဲ့ သင်္ချာတစ်ပုဒ်ဟာ ကဗျာဖြစ်တယ် ဆိုတဲ့ စကား ရှိပါတယ်) ဥပမာ ဂျွန်အက်ရှ်ဘရီရဲ့ ကဗျာတွေမှာ အဆက်အစပ် ပြတ်တောက်မှုတွေ ကြုံရာ ကျပန်း ဆန်မှုတွေ အများအပြား သုံးစွဲထား တာ တွေ့ရပေမယ့် ဘာမှန်း မသိလောက်အောင် ဖြစ်သွားတာမျိုး မရှိပါဘူး။ သူ့ရဲ့ အဆက်အစပ်မဲ့တဲ့ ကဗျာ(အင်္ဂလိပ်လို) စာသားတွေ ကိုက သူတို့ လူ့ အဖွဲ့အစည်းထဲက ဖြစ်ရှိမှုကို ထင်ဟပ်နိုင်တဲ့ (သူတို့ လူ့အဖွဲ့အစည်းလို့ ခွဲခြား ပြောရတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွင်းက သိမှတ် နားလည်မှုနဲ့ လုံးဝ ဆက်စပ် နားလည် ခံစားကြည့်ဖို့ မဖြစ်နိုင်တဲ့ ကဗျာ အလုပ်လုပ်ပုံတွေ တွေ့ရလို့ပဲ) ကဗျာ ဖြစ်မြောက်မှု ကဗျာဓါတ် တစ်ခုခုကို ထုတ်လုပ် နေသလို စ ရေးဖွဲ့ကတည်းက ကဗျာ တစ်ပုဒ်ချင်း အလိုက် စေ့စေပ် သေချာစွာ ဆင်ခြင်တုံတရား ရှိစွာ စီရင်ထားတဲ့ တက္ကနိ ပိုင်းကိုပါ သတိပြု ခံစား မိနိုင်ပါတယ်။ ထို့အတူ (မော်ဒန်ရော ပို့စ်မော်ဒန်စာပေမှာပါ အကျုံးဝင်တဲ့) ကာဖကာရဲ့ အရေးအသား တချို့ဟာလည်း ဒီအတိုင်းပါပဲ။ တခြား စကားပြေတွေလို တစ်ပေါင်း တစ်စည်းတည်း ဘာကို ပြောချင်သလဲ ရှင်းလင်း ချောမွေ့စွာ နားမလည်နိုင်ဘူး ဆိုပေမယ့် လက်ခံ နားလည် နိုင်တဲ့ ရသခံစားမှု တစ်စုံတစ်ရာ ပေးစွမ်းနိုင်တဲ့ နားမလည်မှု မျိုးပါပဲ။ (တစ်နည်းအားဖြင့် ကဗျာဆန်တဲ့ အရသာမျိုး၊ ကာဖကာ လက်ရာတွေ ကို ပညာရှင် တချို့က ကဗျာ ဆန်တယ်လို့ ပြောကြတာ ရှိပါတယ်) အထူးသဖြင့် ပို့စ်မော်ဒန်ရဲ့ အရေးကြီးတဲ့ အချက်တွေ ဖြစ်တဲ့ (ရသ ဆိုင်ရာ၊ ခေတ် စနစ်၊ ယဉ်ကျေးမှု၊ သိမှု၊ ဘာသာစကား၊ ဘယ်အရာကို ဖြစ်စေ) မေးခွန်း ထုတ်ခြင်း၊ သရော်ခြင်း၊ နောက်ဆုံး စုစည်း ညီညွတ်တဲ့ ကိုယ်စားပြုမှု ရလဒ်ကို ငြင်းပယ် စိန်ခေါ်ခြင်း ပြုလုပ် ရာမှာတောင် ကာဖကာကအစ ဂျွန် အက်ရှ်ဘရီတို့ အဆုံးဟာ အစွန်းရောက် ပုံသဏ္ဌာန် ဆိုင်ရာ ရေးဖွဲ့မှု မျိုးထက် လိုအပ်တဲ့ တက္ကနိ/အိုင်ဒီယာကို စနစ်တကျ ရွေးချယ်သုံးစွဲပြီး အရိုးရှင်း အကျစ်လျစ်ဆုံး အရေးအသား ဖြစ်အောင် ဂရုတစိုက် ဖန်တီးခဲ့တာ တွေ့ရနိုင်တာပဲ။ ဒီလို ဆိုတိုင်းလည်း ဆန့်ကျင်ဘက် နှစ်ခုတွဲ အစွန်းရဲ့ နောက် အစွန်းတစ်ဖက် ဖြစ်တဲ့ သရုပ်မှန်နဲ့ မော်ဒန် ဝါဒီတွေ လုပ်လေ့ ရှိသလို ခံစားမှု၊ အယူအဆ တစ်ခုခုကို ကိုယ်စားပြု ဖေါ်ပြဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အပြီးသပ် လက်ရာမျိုးထံ ပြန်လှည့်ဖို့ မဆိုလို ပါဘူး။

ဒီနေ့ မြန်မာ ကဗျာလောက အနေအထားမှာ (မီဒီယာ အမျိုးမျိုးက) ကဗျာတွေကလည်း အပြိုင်းအရိုင်း၊ ကဗျာ အမျိုးအစားတွေကလည်း အစုံ အလင်နဲ့ ပေါ်ပေါက် နေတယ် ဆိုပေမယ့် ယေဘုယျ အားဖြင့်တော့ ခေတ်ပေါ် ကဗျာ(ပင်မ ရေစီးကဗျာ)နဲ့ နှောင်း ခေတ်ပေါ်ကဗျာ (ခေတ်ပြိုင် ကဗျာ) (ပင်မ ရေစီး ကဗျာများနဲ့မတူ alternative ဖြစ်တဲ့ ကဗျာ) နှစ်မျိုးတည်း ပဲလို့ ဆိုနိုင် ပါတယ်။ (‘ခေတ်ပြိုင်ကဗျာ’ဆိုတဲ့ အသုံးအနှုန်းက မကျေလည်မှု အနည်း အကျဉ်း ရှိသေးသမို့ ခေတ်ပြိုင် အစား ‘နှောင်းခေတ် ပေါ်ကဗျာ’လို့ပဲ သုံးသွားပါမယ်) ဒီနေ့ ကဗျာရေးဖွဲ့ နေသူတွေရဲ့ ၇ဝရာခိုင်နှုန်း လောက်ကလည်း ဒီ ပင်မ ရေစီးကဗျာ ပုံစံပေါ်မှာ ရေးဖွဲ့ နေကြတာပဲလို့ ဆိုနိုင်တယ်။ နှောင်းခေတ်ပေါ်ကဗျာ ဆိုတာကတော့ ပင်မ ရေစီး ကဗျာတွေရဲ့ ဟန်ကနေ နည်းအမျိုးမျိုးနဲ့ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ကဗျာတွေလို့ပဲ ဆိုပါစို့။ အယ်လ် ပီကဗျာ၊ ပါဖောမင်း ကဗျာ၊ စကားပြေ ကဗျာ၊ အင်စတော် လေးရှင်း ကဗျာ၊ ကွန်ဆက် ကျူရယ် ကဗျာ စသဖြင့် ပေါ့လေ ကျွန်တော့်သဘော အရတော့ ကဗျာတွေအပေါ် တံဆိပ် လိုက် တတ်ရတာ သိပ်သဘော မတွေ့လှပေမယ့် ဒါက အနီးစပ်ဆုံး ပညတ်ရတဲ့ သဘောလို့ပဲ မှတ်ယူ စေချင်ပါတယ်။ ထို့အတူ ဒီကဗျာ အမျိုး အစား တွေကိုလည်း အများက လက်ခံ နားလည်ထားသလို ‘ပို့စ်မော် ဒန်ကဗျာ’လို့ပဲ ယာယီ ခေါ်ဆိုပါမယ်။ ဒီနေရာမှာ ကျွန်တော်ဆိုလိုတဲ့ ‘ပို့စ်မော် ဒန် ကဗျာ’ ဆိုတာ ကမ္ဘာမှာ ပေါ်ပေါက်နေတဲ့ ပို့စ်မော်ဒန်နဲ့ တစ်သဘောတည်း ထားဖို့ မရည်ရွယ် သေးပါဘူး။ ကျွန်တော်တို့ မြန်မာစာပေ/ ကဗျာလောက အတွင်းမှာ သိမှတ် နားလည်နေကြတဲ့ ‘ပို့စ်မော်ဒန်(ကဗျာ)’အနေနဲ့ပဲ သုံးစွဲ ပြောဆိုချင်တာပါ။

ဒီနေ့မှာ ကိုယ်ယုံကြည်ရာ ကဗျာဗေ ဒတွေနဲ့ ရေးဖွဲ့ နေတဲ့ ကဗျာတွေကို ပရင့် မီဒီယာ စာမျက်နှာတွေ ပေါ်မှာရော အွန်လိုင်း စာမျက်နှာတွေ ပေါ်မှာပါ ကျွန်တော်တို့ေ တွ့မြင်နိုင်တယ်။ အမျိုးသား ရနံ့ကဲတဲ့ ကဗျာ၊ ပုဂ္ဂလအတ္တနဲ့ အာရုံခံစားမှုကို ရှေ့ရှုတဲ့ကဗျာ၊ နိမိတ်ပုံနဲ့ အလင်္ကာ အဖွဲ့အနွဲ့ဟန်ကို အလေးထား ရေးဖွဲ့တဲ့ ကဗျာ၊ ပြည်သူလူထုနဲ့ နိုင်ငံရေး ဆန်မှုကို ကိုယ်စားပြုတဲ့ ကဗျာ၊ အတွေးအခေါ် ဒဿန (ဝစနာ လင်္ကာရ) ကို ဦးစားပေး ရေးဖွဲ့တဲ့ ကဗျာ၊ ဘာသာစကား အခြေပြု အယူအဆနဲ့ ရေးဖွဲ့တဲ့ ကဗျာ၊ စာသားနဲ့ရုပ်ပုံသင်္ကေတတွေ ရုပ်ကြမ်း ဆန် ဆန် ဖေါ်ပြဖို့ ကြိုးစားတဲ့ ကဗျာ စသဖြင့်ပေါ့လေ။ ဒါပေမယ့် ယေဘုယျ အားဖြင့် ခေတ်ပေါ်နဲ့ ခေတ်ပေါ်နှောင်းပိုင်း ကဗျာရယ်လို့ နှစ်မျိုး နှစ်စားတည်း ခွဲခြားရုံပါပဲ။

ဘာသာစကား အခြေပြု အယူအဆနဲ့ ရေးဖွဲ့တဲ့ကဗျာ၊ စာသားနဲ့ ရုပ်ပုံ သင်္ကေတတွေ ရုပ်ကြမ်း ဆန်ဆန် ဖေါ်ပြဖို့ ကြိုးစားတဲ့ ကဗျာက လွဲရင် ကျန် ကဗျာရေးဖွဲ့ပုံ အားလုံးကို ခေတ်ပေါ်ထဲ ထည့်နိုင်ပြီး ဒီကဗျာရေးဖွဲ့ပုံ နှစ်ခုကိုတော့ ခေတ်ပေါ် နှောင်းပိုင်း ကဗျာပုံစံများ အဖြစ် ယာယီ ခေါ်ဆို ချင်ပါတယ်။ ဒီခေတ်ပေါ် နှောင်းပိုင်း ကဗျာ ပုံစံတွေထဲမှာ အယ်လ်ပီ ကဗျာ၊ ပီ-အယ်လ်ပီ ကဗျာ၊ ကော်လေ့ခ်ျ ကဗျာ၊ စကားပြေ ကဗျာ (ခေတ်ပေါ် စကားပြေ ကဗျာဗေဒနဲ့ မတူ)၊ ပါဖောမင်း ကဗျာ၊ ဆိုလို ကဗျာ၊ အင်စတော်လေးရှင်း ကဗျာ အမျိုးအစားတွေ ပါပါတယ်။ ဒီလို ထပ်မံ ခွဲခြား ပြတာတောင် ကျွန်တော်တို့ ဆီက ကဗျာ စာပေ ရပ်ဝန်းမှာ ဖြစ်ရှိနေတဲ့ အခြေအနေ/အရှိတရားနဲ့ ကင်းလွတ် နေနိုင်သေးတယ်။ ဥပမာ ဇေယျာလင်း တစ်ယောက်ထဲ တောင်မှ အယ်လ်ပီကဗျာ ရေးဖွဲ့ နေတာ တွေ့နိုင်သလို ကျန် ကဗျာ အမျိုးအစား ပုံစံ မျိုးစုံကိုပါ စမ်းသပ် ရေးဖွဲ့နေတာ တွေ့ရနိုင်တယ်။ မောင်ပြည့်မင်းရဲ့ ကဗျာတချို့ဟာ ဘာသာစကား အခြေပြု အယူအဆ တချို့ နဲ့ ရေးဖွဲ့ထား တယ်လို့ ဆိုနိုင်ပေမယ့် အယ်လ်ပီရယ်လို့ မဆိုနိုင်ပြန်ဘူး။ ထို့အတူ အယ်လ်ပီ ကဗျာရေးဖွဲ့ပုံလို့ မှတ်ထင် နိုင်တဲ့ ဝင်းမြင့်ရဲ့ ကဗျာ တချို့မှာလည်း တခြား ကဗျာဗေဒတွေ ပေါင်းစပ် ထားတာ တွေ့မြင် နိုင်သေးတယ်။ နှောင်း ခေတ်ပေါ်ကဗျာထဲမှာ အကျုံးဝင်တဲ့ ကဗျာဆရာတွေ အဖြစ် ဒီလို အယ်လ်ပီ ကဗျာဆရာ ဘာ ကဗျာဆရာရယ်လို့ တိတိကျကျ ခွဲပြနေတာထက် ဘယ်သူတွေက နှောင်းခေတ်ပေါ်ကဗျာတွေ ရေးဖွဲ့သူတွေဆိုတာ ကျွန်တော်တို့ ပိုမြင် သာ ထင်သာရှိအောင် ကဗျာရေးသူတွေရဲ့ နာမည်ကို ဖေါ်ပြချင်ပါတယ်။ ဆိုပါစို့ နှောင်းခေတ်ပေါ် ကဗျာရေးဖွဲ့ သူတွေ အဖြစ် မောင်ပြည့်မင်း၊ ဇေယျာလင်း၊ ခင်အောင်အေး၊ မိုးဝေး၊ ဝင်းမြင့်၊ စိုင်းဝင်းမြင့်၊ လူဆန်း၊ ပါပ၊ အောင်ပြည့်စုံ၊ မောင်ဒေး၊ ငုအိမ် ထက်မြက်၊ ငြိဏ်းဝေ၊ သည်မော်နိုင် စသူတို့ကို ဖေါ်ပြချင်ပါတယ်။ ဒီကဗျာရေးသူတွေရဲ့ ကဗျာရေးဖွဲ့ဖန်တီးမှု နောက်ကွယ်မှာလည်း ကမ္ဘာ့ ပို့စ်မော်ဒန် အယူအဆတွေ အခိုင်အမာ နေရာချထားသလို နိုင်ငံတကာ ပို့စ်မော်ဒန် ကဗျာဆရာတွေရဲ့ ကဗျာ အယူအဆ/ ကဗျာရေးဖွဲ့ဟန် တွေနဲ့ ရည်ရည် ရွယ်ရွယ် ပတ်သက်နေတဲ့ အထိ တွေ့ရတော့ ဒီဆရာတွေရဲ့ (နှောင်းခေတ်ပေါ်ကဗျာတွေရဲ့) ရေးဖွဲ့ပုံကို ကျွန်တော်တို့ မြန်မာကဗျာ အဖွဲ့အစည်းမှာ ရေးသူရော ဖတ်သူပါ ‘ပို့စ်မော်ဒန် ကဗျာတွေ’လို့ နားလည် သတ်မှတ်ထားကြပုံပါပဲ။

ဒီ ‘ပို့စ်မော်ဒန် ကဗျာ’ဆိုတဲ့ အပေါ် ကျွန်တော်တို့ လက်ခံနားလည်မှုနဲ့ ရေးဖွဲ့ ဖန်တီးမှု အားလုံးက အနောက်တိုင်း ပထမ မျိုးဆက် ပို့စ်မော်ဒန် အယူအဆ/ ကျွန်တော်တို့ဆီက ၉ဝခုနှစ် အလွန် ပို့စ်မော်ဒန် လားရာဖြစ်တဲ့ ပုံသဏ္ဌာန် ဆိုင်ရာ အစွန်းရောက် တီထွင်မှု လမ်းကြောင်း ပေါ်မှာသာ အများဆုံး တည်မှီနေတယ်လို့ ဆိုရမှာပဲ။ အများဆုံးလို့ ဆိုရတာက ကဗျာရေးသူ အားလုံးရဲ့ ကဗျာအားလုံး ဒီလမ်းကြောင်းပေါ် လျှောက်နေတယ်လို့ ယတိပြတ် မပြောနိုင်လို့ပဲ။ ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက် တီထွင်မှုဆိုတဲ့ တစ်ခုတည်း အပေါ်မှာပဲ ကွဲပြားနေတဲ့ လက် ရာ တွေ တွေ့နိုင်သေးတယ်။ ဇေယျာလင်း၊ မိုးဝေး၊ ဝင်းမြင့်၊ အောင်ပြည့်စုံ၊ မောင်ဒေးတို့ရဲ့ ကဗျာအများစုက အရင် ခေတ်ပေါ် သမားတွေလို ဘာသာ စကားကို ကြားခံ မီဒီယာတစ်ခု အနေနဲ့ မယူတော့ဘဲ ဘာသာ စကားက လူရဲ့သိမှုကို တည်ဆောက်ထားတာ ရှိမှု ဆိုတာလည်း ဒီသိသမျှ ဘာသာစကားအရ ရှိလာတာ ဆိုတဲ့ အယူအဆနဲ့ ဘာသာ စကားကို ကစားခြင်း၊ ဘာသာစကား/ သိမှု/ အရှိတရားဆိုတဲ့ ဆက်နွယ်မှုနဲ့ အလုပ်လုပ်ပုံကို ကိုင်တွယ်ခြင်း စတဲ့ရည်ရွယ်ချက်နဲ့ လိုင်း/ဝါကျ/ပါဒတွေကို အဆက်အစပ်မဲ့အောင်လုပ်တာ ဆိုပေမယ့် ခုနက လူဆန်းရဲ့ ချိန်ညှိခြင်းကဗျာလို ဘာသာ စကားရဲ့ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှု အထိ ကိုင်တွယ်စမ်းသပ် ထားတာမျိုးတော့ အနည်း အကျဉ်းသာ တွေ့ရတယ်။ ရုပ်ပိုင်း ဆိုင်ရာ စီရင် စမ်းသပ်မှု အထိ အများဆုံး တွေ့ရနိုင်တာက ယေဘုယျအားဖြင့် ငုအိမ်ထက်မြက်၊ သည်မော်နိုင်နဲ့ ငြိဏ်းဝေတို့ရဲ့ လက်ရာ တွေမှာ။ ဒါပေမယ့် အရှေ့မှာ ပြောခဲ့သလိုပဲ သူတို့ရဲ့ တီထွင် စမ်းသပ်မှု ကတော့ သစ္စာနီရဲ့ မြင်းစိုင်းသူများ (၇ဝ-၉ဝ)နဲ့ အများကြီး ကွာခြား ခဲ့ပါပြီ။ သူတို့ လက်ရာတွေရဲ့ နောက်ကွယ်မှာ ပို့စ်မော်ဒန် လောကအမြင် ရှိတယ်လို့ တပ်အပ် မဆိုနိုင်ပေမယ့် အစဉ်အလာ လက်ခံထားတဲ့ စာပေဖြစ် မှု ပင်မ ရေစီးစာပေ/ကဗျာရဲ့ အထက်စီး ပါဝါ သက်ရောက်မှုကနေ လွတ်ကင်းအောင် ရုန်းထွက် နေတာတော့ တွေ့နိုင်တယ်။ ဒါတောင်မှ ငုအိမ် ထက်မြက်နဲ့ ငြိဏ်းဝေတို့ရဲ့လက်ရာမှာ ပင်မရေစီး ကဗျာတွေရဲ့ အငွေ့အသက် တချို့ ကြိုကြားတွေ့နိုင်သေးတယ်။

ကဗျာကို အသစ်တီထွင်တဲ့ အနေနဲ့ စမ်းသပ် ရေးဖွဲ့ကြပေမယ့် အစဉ်အလာ လက်ခံထားတဲ့ စာပေရေစီး ရသတန်ဖိုး တွေက မလွန်ဆန် နိုင်တဲ့ လက်ရာ တွေမျိုးလည်း တွေ့ရတယ်။ အယ်လ်ပီ ဆိုပြီး ဘာသာစကားတွေ လျှောက်ရွေ့ ပြောင်းကစား၊ စကားလိမ်တွေ စကားထာ တွေအသုံးပြုပြီး လွဲနေသူ တွေလည်း ရှိပါတယ်။ ဂျာနယ်တွေ အွန်လိုင်း မီဒီယာတွေထဲက စာသားတွေ ဖြတ်ထည့်ရုံနဲ့ ကော်လေ့ခ်ျ ကဗျာ/ အယ်လ်ပီ ကဗျာဖြစ်တယ် လို့ ထင်နေသူ တွေလည်း ရှိပါတယ်။ တစ်မျက်နှာ ဝတ္တုတိုနဲ့ စကားပြေ ကဗျာ မကွဲပြားဘဲ ဖြစ်နေသူ တွေလည်း ရှိပါတယ်။ စိတ်ထဲတွေ့ကရာ တွေ (စာမျက်နှာ ပေါ်အလျားလိုက်) လွှတ်ရေးပြီး နောက်ဆုံးပေါ် နီယို မော်ဒန်ကဗျာ/ခေတ်ပြိုင် ကဗျာလို့ ထင်နေသူတွေလည်း ရှိပါတယ်။ (စိတ်ထဲရှိရာ တွေ တိုက်ရိုက်ပြောတယ်၊ ဗန်းစကား တွေသုံးတယ်၊ အာရုံ ခံစားမှုတွေ ဆက်စပ် ရောနှောပြတယ် ဆိုတိုင်း နီယိုမော်ဒန်လို့ ဆိုရရင် ယနေ့ ခေတ် ဟစ်ဟော့ပ် သမားတွေရဲ့ စာသားတွေ အားလုံး နီယိုမော်ဒန် ကဗျာတွေ ဖြစ်သွားဖို့ပဲ ရှိပါတယ်) တိုစိတိုနံ့ပါဒ ပြတ်တွေနဲ့ မီနီမယ် လစ်ဇင် ထင်နေသူတွေ၊ လိုင်းတိုလေး ဖြစ်အောင်စီရုံနဲ့ ဟိုက္ကူဖြစ်ပြီ ထင်နေသူတွေလည်း ရှိပါတယ်။ နောက် မိမိအတွေး စိတ်ကူးတွေကို ကာရန်မဲ့ရုံ လွတ်လပ် ကာရန်သုံးရုံ ရိုးရိုးကြီး ရေးဖွဲ့ပြီး (အကြည်ဓါတ် ယောင်ယောင်၊ ရိုးဂုဏ် ယောင်ယောင်) ခေတ်ပေါ်/မော်ဒန်ကဗျာ ဖြစ်ပြီလို့ ထင်နေ သူတွေ အထိ ရှိနေသေးတယ် ဆိုတော့ ယနေ့ ကဗျာ အကြောင်း ပြောရတာ ထင်သလောက် ခရီးရောက်ပါ့မလား မသိဘူး။

ကမ္ဘာမှာ ‘မော်ဒန်’ အနုပညာ ပေါ်လာတုန်းက သရုပ်မှန်နဲ့ ရိုမန့်တစ်တွေရဲ့ ဟာကွက်တွေကို ထောက်ပြပြီး ပိုမိုစစ်မှန် သင့်လျော်တဲ့ အနုပညာ တစ်ခုကို ပြုလုပ်ဖို့ပါပဲ။ နောက် မော်ဒန်ရဲ့ အားနည်းချက်တွေ ဟာကွက် တွေ(ဥပမာ- တသီး ပုဂ္ဂလသဘော ဖြစ်တဲ့ အတ္တပိုင်းဆိုင်ရာ မပြေလည်မှု ကို ပြောပြီး နောက်တော့လည်း တသီး ပုဂ္ဂလသဘောကို ပြန်အဓိပ္ပါယ်ဖွင့် ထူထောင်လာတာ)ကို ဖြည့်စွက် ပြင်ဆင်ဖို့ ‘ပို့စ်မော်ဒန်’ ဆိုတာ ပေါ်ပေါက် လာရတာ မဟုတ်လား။ ပို့စ်မော်ဒန်ဆိုတာ ယနေ့ကမ္ဘာကြီးက မွေးထုတ် ပေးလိုက်သလို ပို့စ်မော်ဒန် အယူအဆ ပို့စ်မော်ဒန် အနုပညာ လက်ရာတွေဟာ ယနေ့ ကမ္ဘာကြီးရဲ့ အခြေအနေကို ထင်ဟပ် တုံ့ပြန်နိုင်ဖို့ အတွက် အသင့်လျော်ဆုံး အယူအဆ တစ်ခု အနေနဲ့ပဲ ဖြစ်သင့် ပါတယ်။ မော်ဒန် ဝါဒရဲ့ပုံသဏ္ဌာန်နဲ့ အစဉ်အလာ လုပ်ထုံးတွေ ထဲကနေ ခွဲထွက်ဖို့ ကြိုးစားရင်း နောက်ထပ် ပုံသဏ္ဌာန် တစ်ခု ဖြစ်လာမယ် ဆိုရင် မော်ဒန်ဝါဒရဲ့ ပုံသဏ္ဌာန် ပြန်အခြေတည်ပြီး အလုပ်လုပ်နေမှသာ ဖြစ်တယ်။ ဥပမာ- ပို့စ်မော်ဒန်/အယ်လ်ပီ ကဗျာတွေဟာ အပေါ်ယံ ကြည့်ရင် ဘာသာ စကား ရှုပ်ရှုပ်ထွေးထွေးတွေ ပါဒ လက်တံ ရှည်ရှည်တွေနဲ့ ရေးဖွဲ့ ဖန်တီးထားတယ်လို့ အမှတ်မှား စရာပဲ။ အဒီ ရေးဖွဲ့ဟန် အခွံသက် သက်တွေကို ယူသုံးပြီး ရေးဖွဲ့ထားပေမယ့် မိမိကဗျာထဲမှာ အမှန်တကယ် ကိန်းအောင်းနေတာက မော်ဒန်ဝိဥာဉ် ၊ ရိုမန်တစ်ဝိဥာဉ်၊ တချို့ဆိုရင် ဆိုရှယ် လစ်ဝိဥာဉ် အထိ ကိန်းအောင်း ပါဝင်ပြီး အလုပ်လုပ်နေတဲ့ ကဗျာတွေကို တွေ့ရတာပဲ။ (ကို)မိုးဝေးစကားနဲ့ ပြောရရင် ပုံစံ အသစ်တော့ အသစ်ပဲ ဒါပေမယ့် စက်မှုဇုံက ထုတ်တဲ့ ကားကြီးတွေလို ဖြစ်နေတယ် ဆိုတာမျိုးပဲ။ ဒီနေရာမှာ ကဗျာရေးသူရဲ့ သိမှု/လောကအမြင်/ ဗဟုသုတ တွေကလည်း အရေးကြီးလာပြီ။ ဆိုရှယ်လစ် လောကအမြင်(သို့) မော်ဒန်ဝါဒ မစင်သေးတဲ့ ကဗျာရေးသူ တစ်ယောက်ထံက (သီအိုရီတွေ ဆရာ့ ဆရာကြီးတွေရဲ့ရေးနည်းတွေ by heart ကျက်ရုံနဲ့) ပို့စ်မော်ဒန်ကဗျာကို မျှော်လင့်လို့ ရနိုင်မလား။

တကယ်လို့ ၂ဝဝဝနှောင်းပိုင်း ကျွန်တော်တို့ဆီမှာ ကဗျာသစ်တစ်ရပ် အနေနဲ့ ပေါ်ပေါက်လာတဲ့ အယ်လ်ပီ ဟာ (နိုင်ငံတကာ စံနှုန်း စံထားများနဲ့ အညီ ဘာသာပြန် ထားတဲ့) ပို့စ်မော်ဒန် ကဗျာ အမျိုးအစား တစ်ခုလို့ ကျွန်တော်တို့ နားလည် လက်ခံထားတယ် ဆိုရင်ပေါ့လေ။ ကျွန်တော်တို့ ဆီမှာ အယ်လ်ပီ ကဗျာရယ်လို့ ဖြစ်ထွန်းလာမှုမှာ သူတို့ဆီက အဆောက်အအုံလွန် ဝါဒနဲ့ ပို့စ်မော်ဒန်စာပေ သဘောတရားတွေ အကိုးအကား ပြုပြီး ထည့်ပြောလေ့ ရှိသလို ကျောထောက် နောက်ခံထားထားတာ တွေ့ရတဲ့အတွက် အယ်လ်ပီကို ပို့စ်မော်ဒန်ကဗျာ အမျိုးအစား တစ်ရပ် လို့ ခေါ်ဆို နိုင်သယောင်ယောင်ပါပဲ။ ဒီအချက်ကပဲ အယ်လ်ပီနဲ့ တကွ ပို့စ်မော်ဒန် လက်ရာတွေကို ဝေဖန်ချင်သူတွေ အတွက် အနောက် လူ့အဖွဲ့ စည်းရဲ့ ယဉ်ကျေးမှု ဆိုင်ရာ လွှမ်းမိုး ထိန်းချုပ်မှု တစ်ရပ်၊ အရင်းရှင်တို့ရဲ့ ဝါဒဖြန့်ခံရမှု စသဖြင့် သတ်မှတ် တုံ့ပြန်ဖို့ အခွင့် အရေး ပေးလိုက်သလို ဖြစ်နေတယ်။ ဒါဟာလည်း ဟုတ်သယောင်ယောင် ရှိပေမယ့် တကယ်တမ်း ကျွန်တော်တို့ တွေ့မြင် ဖတ်ရှုနေရတဲ့ ဒီက အယ်လ်ပီ ကဗျာဆိုတာတွေဟာ ဒီမှာ ကဗျာရေးသူ တစ်ဦး တစ်ယောက်ချင်းအလိုက် သီးခြား Model လက်ရာတွေ အနေနဲ့ ပေါ်ပေါက် လာတာလို့တောင် ဆိုချင်တယ်။ အယ်လ်ပီဟာ အနောက်ကမ္ဘာက လက်ဆင့် ကမ်းခဲ့တဲ့ စာပေ လက်ရာတစ်ခုလို့ ဆိုပေမယ့် တိုက်ရိုက် ပုံတူကူးပြီး ဖြစ်ပေါ် လာတာမျိုး မဟုတ်ပါဘူး။ ဒီလို ကဗျာဗေဒအားဖြင့် ဆက်စပ် ပတ်သက်နေတဲ့ အထဲမှာလည်း သူတို့ရဲ့ အနောက် လူ့အဖွဲ့ အစည်းအတွင်းက လူမှုရေး အနေအထားမှာသာ ဖြစ်ပေါ်နိုင်တဲ့ အယူ အဆ လက္ခဏာ တချို့ (ဥပမာ-ဗဟိုချက် မဲ့ခြင်း၊ ဒီကွန်စထရပ်ရှင်း၊ မယ်တာ နယ် ရေးတစ်) ပါဝင် နေနိုင်သလို လူအဖွဲ့စည်း အားလုံးနဲ့ ဆိုင်တဲ့ အယူအဆ မျိုးလည်း လက်ခံ ရရှိနိုင်တာပဲလေ (ဥပမာ-သဘာဝတရား ဆိုတာထက် တည် ဆောက်ထားတာ၊ ဘာသာ စကားမှာ ပါဝါ၊ အိုင်ဒီယိုလော်ဂျီစတဲ့ အရာတွေ စိမ့်ဝင်ပျံ့နှံနေတာ)

ကျွန်တော့် သဘောအရတော့ အယ်လ်ပီဟာ ကဗျာတင်ပြပုံ အသစ်တစ်မျိုးပဲ။ ထို့အတူ ပါဖောမင်း ကဗျာတို့၊ တခြား ခေတ်ပေါ်ဟန်က ခွဲထွက်လာတဲ့ (ခေတ်ပြိုင်) ကဗျာတွေ ရောပေါ့လေ။ ကဗျာ အမျိုးအစား တစ်ခုကို နှစ်ရှည်လများ ရေးဖွဲ့ လာရာကနေ ငြီးငွေ့လာလို့ နည်းအမျိုးမျိုးနဲ့ ဆန်းသစ်အောင် ပြုလုပ်လာကြတဲ့ သဘောပါပဲ။ ဒီမှာ အသစ် ပြုလုပ်လာတဲ့ ကဗျာတွေဆိုတာ ပင်မ ရေစီး ခေတ်ပေါ် ကဗျာတွေနဲ့ လုံးဝကင်း လွတ်ပြီး ဖြစ်လာတယ်လို့ မဆိုနိုင်ပါဘူး။ ဆက်စပ်၊ ဆန့်ကျင်ရင်း ကနေပဲ ထွက်ပေါ်လာတာ ဖြစ်တယ်။ ဆိုလိုတာက ဒီကဗျာတွေရဲ့ဖြစ်တည်မှုဟာ အနောက်တိုင်း ပို့စ်မော်ဒန် ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ နှိုင်းယှဉ်ပြောဖို့ သိပ် အဓိပ္ပါယ်မရှိသလို ကဗျာရဲ့ အရည်အသွေးကို အဆိုး အကောင်း တန်ဖိုးဖြတ်ဖို့ စံထား ပြောနိုင်တာမျိုး မဟုတ်ဘူး။ အလွယ်ပြောရရင် ကဗျာကို ပျင်းစရာ မကောင်းအောင် ပင်မရေစီး ကဗျာပုံစံနဲ့ ဆက်စပ်၊ ဆန့်ကျင်ရင်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အသစ် ကြံဆောင်ကြတာပါပဲ။ အရင်လို ရိုးရှင်း လွယ်ကူမှု မရှိတော့တဲ့ ခေတ်ကြီးနဲ့ ကိုက်ညီတဲ့ ပိုမို ခက်ခဲ နက်နဲ မြန်ဆန် လာတဲ့ အနုပညာတွေ ပေါ်ပေါက် လာရတာပါပဲ။ ဒီမှာ ကဗျာအဖွဲ့အစည်းအတွင်းက လူအများစုက အယ်လ်ပီ အုပ်စုရယ်လို့ လက်ခံ တုံ့ပြန် နေကြတဲ့ ဇေယျာလင်း၊ မိုးဝေး၊ ဝင်းမြင့်၊ လူဆန်း စတဲ့ ကဗျာရေးသူတစ်ယောက်ချင်းစီရဲ့ကဗျာတစ်ပုဒ်ချင်းစီကိုလည်း တုန်လှုပ်ခြောက်ခြားမှု ကင်းကင်း ရှင်းရှင်းနဲ့ လေ့လာကြည့်ရင် ပို့စ်မော်ဒန်/အယ်လ်ပီဆိုတာထက် သူ့အလှနဲ့သူ၊ သူ့Model နဲ့သူ သီးခြားရေးဖွဲ့ထားတဲ့ ကဗျာတွေအဖြစ် တွေ့နိုင် ပါသေးတယ်။ သူတို့ ရေးဖွဲ့သမျှကို အယ်လ်ပီ ကဗျာတွေ၊ အယ်လ်ပီ အုပ်စုတွေလို့ တံဆိပ်တပ် ပြောလို့ မရပါဘူး။

တကယ်တော့ ဒီပုံသဏ္ဌာန် ဆိုင်ရာ တီထွင်မှုဆိုတဲ့ ဇောနဲ့ ပေါ်ပေါက်ခဲ့တဲ့ ပို့စ်မော်ဒန် ဆိုတာ သူတို့ ဆီက ပထမ မျိုးဆက် ပို့စ်မော်ဒန်တွေရဲ့ အယူအဆ (ဝါ) အထက်စီး ပို့စ်မော်ဒန် ဝါဒီအပေါ်မှာ အခြေတည် ရည်ညွန်း ပြောဆို ထားတာတွေသာ ဖြစ်တယ်။ အဲဒီ ၉ဝခုနစ် အလွန်မှာ ပေါ်ပေါက်ခဲ့တဲ့ ပို့စ်မော်ဒန် အယူအဆနဲ့ အဓိက ကျတဲ့ အသုံးအနှုန်း တွေမှာ ပြဿနာ အများကြီး ရှိတယ်။ အဲဒီ အသုံးအနှုန်း ဝေါဟာရတွေ အတော် များများက အနောက် လူ့အဖွဲ့အစည်း အတွင်းက လူမှုရေး အနေအထားက ထွက်ပေါ် လာတာတွေဖြစ်သလို အဆင်ပြေသလို ဆီလျော်အောင် ဘာသာပြန် အနက်ဖွင့်ဆို ထားရတာတွေ ဖြစ်တယ်။ (ဒါလည်း ကနဦးကတည်းက ပြဿနာတက်ရပေါင်းမနည်းဘူး။ ဥပမာ ဒီကွန်စထရပ်ရှင်းတို့ ကော်လေ့ခ်ျတို့ အသံထွက်တွေ ကလည်းအမျိုးမျိုး၊ အနက်ဖွင့်ဆိုပုံတွေကလည်း အမျိုးမျိုးနဲ့) ဒီလို ပို့စ်မော်ဒန်ပါ အချက်အလက်တွေ ဝေါဟာရအသုံးတွေကို ဖွင့်ဆိုရှင်းလင်းခဲ့ကြပေမယ့် အများအားဖြင့်တော့ ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှုကို ဦးတည် နေခဲ့ တာတွေပါပဲ။

ဆိုတော့ ဒီနေ့ထိ ‘ပို့စ်မော်ဒန်ကဗျာ’လို့ ဆိုလိုက်ရင် ပုံသဏ္ဌာန်ဆိုင်ရာ အစွန်းရောက်တီထွင်မှု မဟုတ်ရင် ပုံသဏ္ဌာန်ဆိုင်ရာ တီထွင်မှုကို အသားပေးတဲ့ ဖန်တီးမှု တစ်ရပ်အနေနဲ့ ထင်မြင်ယူဆမိဖို့ များတယ်။ ဒီအယူအဆနဲ့ ချဉ်းကပ် ကြည့်ရင်တော့ ပင်မ ရေစီးကဗျာနဲ့ အရှေ့က မိုးဝေ၊ ခေတ်စမ်း ကဗျာတွေကို ပို့စ်မော်ဒန်ကဗျာလို့ ထင်မှတ်နားလည်ဖို့ အကြောင်းမရှိတော့သလို ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ် တီထွင် ရေးသား နေကြတဲ့ ကဗျာ အားလုံးကတော့ ပို့စ်မော်ဒန်ကဗျာလို့ ထင်မှတ် နားလည် သွားကြဖို့ရှိတယ်။

ကျွန်တော်တို့ဆီမှာ ‘ပို့စ်မော်ဒန်ကဗျာ’ကို အဓိပ္ပါယ်ဖွင့်ဆိုပြီး နားလည် သိမှတ်ထားမှုမှာပါဝင်တဲ့ ယူဆချက်တွေ ရည်ရွယ်ချက်တွေ အလုပ်လုပ်ပုံ တွေကို ကျွန်တော်တို့က ပို့စ်မော်ဒန်ကဗျာမဟုတ်ဘူးလို့ နားလည်ထားတဲ့ ကဗျာတွေ၊ ဆိုပါစို့ ‘ခေတ်ပေါ်ကဗျာ’လို့ဆိုတဲ့ ကဗျာ တွေမှာရော မတွေ့ရနိုင်ဘူးလား။ ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်တို့ရဲ့ ကဗျာတချို့မှာ ပို့စ်မော်ဒန် အခြေအနေတွေ မတွေ့ ရနိုင် ဘူးလား။ ဒီနေ့ အယ်လ်ပီ မဟုတ် ကော်လေ့ခ်ျ မဟုတ် ပါဖောမင်း မဟုတ်တဲ့ (ပင်မ ရေစီး ကဗျာလို့ ထင်ရတဲ့) ကဗျာ တချို့ကို ရေးဖွဲ့နေတဲ့ နေမျိုး၊ ခရမ်းပြာထက်လူ၊ နိုင်မွန်အောင်သွင်၊ စိုင်းဝင်းမြင့်၊ ကိုရွေး၊ ဝေးခေါင်၊ ကြည်ဇော်အေး၊ သားဦး၊ သူရနီ၊ မျိုးတေဇာမောင်၊ လင်းခါး၊ လွန်းဆက်နိုးမြတ်၊ ဥာဏ်လင်းမင်း၊ အေးချမ်းအောင်၊ အွန်လိုင်းမှာတွေ့ရတဲ့ (ပုံသဏ္ဌာန် ဆိုင်ရာ တီထွင်မှုကို အလေးမပေးတဲ့) မိုးဆတ်၊ မောင်ဖုန်းမြင့် ၊ တောကျောင်းဆရာ တို့ရဲ့ ကဗျာလက်ရာ တွေဟာ ပို့စ်မော်ဒန် မဖြစ်နိုင်ဘူးလား။ ပို့စ်မော်ဒန် မဖြစ်လို့ ခေတ်ပေါ် ဖြစ်နေတာပေါ့လို့ ဆိုလာရင် ကျွန်တော်တို့ ‘ပို့စ်မော်ဒန်(ကဗျာ)’ကို ဘယ်လို နားလည်ထား သလဲ ဘယ်လောက်ထိ နားလည်ထား သလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုအပ်လာပြီ။ တကယ်လို့ မိမိကဗျာရဲ့အရည်အသွေးကို ပို့စ်မော်ဒန် ဖြစ်ခြင်း မဖြစ်ခြင်း အတွင်းမှာ တိုင်းတာ ဆုံးဖြတ်မယ် ဆိုရင်ပေါ့လေ။ ဒီလို ပြောရတာကလည်း ကျွန်တော်တို့ ဆီမှာ ‘ပို့စ်မော်ဒန်’ဆိုတာ တန်ဖိုး သတ်မှတ်မှု မြင့်မားတဲ့ အနုပညာ လက်ရာ တစ်ရပ်လို့ သိသိသာသာ ဖြစ်ဖြစ် မသိမသာ ဖြစ်ဖြစ် နားလည် သတ်မှတ်ထားကြတာ တွေ့ရလို့ပါပဲ။ ပို့စ်မော်ဒန် လက်ရာတွေကို ခါးခါးသီးသီး ငြင်းဆန်နေတဲ့ သူတွေတောင်မှ တကယ်တော့ ပို့စ်မော်ဒန် လက်ရာတွေကို အဆင့်မြင့် အနုပညာ တစ်ရပ်အနေနဲ့ ပိုပိုသာသာ ထင်မှတ်ထားတဲ့ ခံစားချက်မျိုး ရှိလို့ ဒီလို တုံ့ပြန်နေကြတာပါပဲ။ ကဗျာရေးသူ တစ် ယောက် အနေနဲ့က ပို့စ်မော်ဒန်တွေ ပို့စ်-ပို့စ်မော်ဒန်တွေ စတဲ့ ဝေါဟာရတွေ စိတ်မဝင်စားဘဲ ကိုယ်ခံစား ယုံကြည် သလို ရေးဖွဲ့ ဖန်တီးနေဖို့က များတယ် လို့ ကျွန်တော် နားလည်ထားပေမယ့် အသစ် ပြုလုပ်ခြင်း၊ ပို့စ်မော်ဒန် လက်ရာနှင့် တန်ဖိုးဖြတ်မှု ဆိုတဲ့ ဒီနေ့ ကြာလေ ရှုပ်ထွေးလေ ဖြစ်လာတဲ့ ဆက်နွယ် ပတ်သက်မှုတစ်ခုကို ကျွန်တော် စိတ်ဝင်တစား မေးခွန်းထုတ်ချင်မိလို့ပါပဲ။

လိုရင်းပြောရရင် ကျွန်တော်တို့ဆီမှာ ပို့စ်မော်ဒန် ကဗျာရယ်လို့ ကျွန်တော်တို့ သိမှတ် နားလည်ဖတ်ရှုနေတဲ့ ၂ဝဝဝခုနှစ် နှောင်းပိုင်း (ပုံနှိပ်နဲ့ အွန်လိုင်း မီဒီယာ နှစ်ခု စလုံးပေါ်က) ကဗျာတွေဟာ ပုံသဏ္ဌာန် ဆိုင်ရာ အစွန်းရောက် တီထွင်မှု လမ်းကြောင်းပေါ် ရောက်ရောက် သွားကြတာ တွေ့ရတာပဲ။ တကယ်တော့ ပုံသဏ္ဌာန်ဆိုင်ရာ တီထွင်မှုကို ရှေ့တန်းတင်ပြီး ဘာသာစကားကို ကစားတာတို့ အဆက်စပ် မဲ့အောင် လုပ်တာတို့ ဟာလည်း မြင်းစိုင်းသူများလောက် အစွန်းရောက်တီထွင်မှုမဟုတ်ပေမယ့် (style)ဟန်တစ်ခု အသွင်ပြန်ဆောင်လာနိုင်သလို ဒီလိုဟန် တစ်ခုအနေနဲ့
ရေးဖွဲ့ထားတဲ့ ကဗျာဟာ မော်ဒန်ဝါဒရဲ့ ပုံသဏ္ဌာန် ဒါမှမဟုတ် ပုံသဏ္ဌာန်ဝါဒ ဘက်ကိုတောင် ပြန်ရောက် သွားစေနိုင်တယ်။

အရင်က ကျွန်တော်ရေးခဲ့တဲ့ ကဗျာ ဆောင်းပါးတွေမှာ ကျွန်တော်က အကြောင်းအရာနဲ့ ပုံသဏ္ဌာန်ကို တစ်ခုစီလို့ ခွဲခြား ထင်မှတ်မှု နဲ့ ရေးသားခဲ့ တာတွေဖြစ်သလို အကြောင်းအရာ အသားပေး ရေးဖွဲ့ခဲ့/ရေးဖွဲ့ဆဲ ကဗျာတွေက ခေတ်ပေါ်ကဗျာ/ပင်မရေစီးကဗျာလို့ ရည်ညွှန်းခဲ့ပြီး ပုံသဏ္ဌာန်/ ဘာသာ စကားရဲ့ ရုပ်ပိုင်း ဆိုင်ရာကို ကိုင်တွယ် ရေးဖွဲ့ထားတဲ့ ကဗျာတွေကိုတော့ ပို့စ်မော်ဒန်ကဗျာ တစ်နည်း ပြောရရင် ကဗျာသစ်အဖြစ် ကျွန်တော်က ဦးတည် ပြောဆိုချင်ခဲ့တာ ဖြစ်တယ်။ အခု ပြန်လည် ဖြည့်စွက်ခဲ့တဲ့ ပုံသဏ္ဌာန် အပေါ် အမြင်အရ ပုံသဏ္ဌာန် အပြောင်းအလဲ သက်သက်က ကဗျာသစ်အဖြစ် မခေါ်ဆို နိုင်သလို အကြောင်းအရာနဲ့ ပုံသဏ္ဌာန်ကို ခွဲခြားပြီး ပြောဖို့လည်း ထင်သလောက် မလွယ်ကူ တာ တွေ့ရတယ်။ အထူးသဖြင့် အယ်လ်ပီကဗျာ ဗေဒကို လေ့လာကြည့်ရင် ဒီ သဘောတရားကို တွေ့နိုင်တယ်။ ပင်မ ရေစီးကဗျာတွေက ဘာသာ စကားကို မီဒီယာ တစ်ခု အဖြစ်က လွဲရင် (သင်္ကေတနဲ့ အလင်္ကာတွေကို ယုံယုံကြည်ကြည်နဲ့ ထပ်ကွပ်ညွှန့်တဲ့ အထိ) ဘာမှ ထပ်စဉ်းစားစရာ မလိုဘဲ သုံးစွဲ ရေးဖွဲ့ခဲ့ပေမယ့် အယ်လ်ပီနဲ့ ဆက်နွယ်နေတဲ့ ဘာသာစကား အခြေပြု ကဗျာရေးဖွဲ့လာသူတွေက ဘာသာစကားဟာ ရေးသူနဲ့ ဖတ်သူကြား အလွယ် တကူ ဆက်သွယ် ပေးနိုင်တဲ့ မီဒီယာ သက်သက်လို့ မမြင်တော့ဘဲ ဘာသာစကားရဲ့ အလုပ်လုပ်ပုံကို ပြန် ကိုင်တွယ်လာခဲ့တယ်။ ဘာသာ စကားဟာ လူ့အဖွဲ့အစည်း အတွင်းမှာ အပြန်အလှန် ဝင်ရောက် ခြယ်လှယ် အလုပ် လုပ်နေတာလို့ ယူပြီး ကဗျာရေးသူရဲ့ခံစားမှု ကဗျာ ရေးသူ ပြောချင်တဲ့ အကြောင်းအရာတွေ ကိုယ်နှိုက်က ဘာသာစကား တည်ဆောက်ချက်တွေ တစ်နည်း ကဗျာရေး သူ ပြောချင်တဲ့ အကြောင်းအရာကို ပြဌာန်းနေတဲ့ အရာရာတိုင်းကိုက ဘာသာစကားနဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်နေတာလို့ ယူတာဆိုတော့ ကျွန်တော် အရင်က (ကဗျာ အဟောင်းနဲ့ အသစ် ကွဲပြားအောင်) ခွဲခြားပြရာမှာ ပြုလုပ်ခဲ့သလို အကြောင်းအရာနဲ့ ပုံသဏ္ဌာန်က တသီးတခြား စီခွဲခြားပြောဖို့ မဖြစ်နိုင် တော့ဘူး။ ၂ဝဝဝနှောင်းပိုင်းမှာ အယ်လ်ပီနဲ့ ကဗျာပုံစံသစ်ရယ်လို့ ရေးဖွဲ့နေသူတွေရဲ့လက်ရာတွေမှာ ပို့စ်မော်ဒန် အမြင်ရှိတယ်လို့ တပ်အပ် မဆိုနိုင်သေးတောင် အစဉ်အလာလက်ခံထားတဲ့စာပေဖြစ်မှု ပင်မရေစီးစာပေ/ကဗျာရဲ့ အထက်စီးပါဝါ သက်ရောက်မှုကနေ လွတ်ကင်း
အောင် ကြိုးစား ရုန်းထွက်ခဲ့တာတော့ အမှန်ပဲ။

ကဗျာ အမျိုးအစား အသစ် တစ်ရပ် အနေနဲ့ ညွန်းဆို ပြတဲ့နေရာမှာ ကဗျာ ပုံသဏ္ဌာန် သက်သက်ကို ကြည့်ပြီး ပြောဆိုလို့ မဖြစ်နိုင်တော့ဘဲ ဒီအစဉ် အလာ လက်ခံထားတဲ့ (ရိုမန်တစ်၊ ဆိုရှယ်လစ်၊ မော်ဒန်) စာပေဖြစ်မှု ပါဝင်နှုန်း အချိုးအဆ၊ ပင်မရေ စီးစာပေ/ကဗျာအပါအဝင် ခေတ်စနစ်နဲ့ ယဉ်ကျေးမှုမှာ အထက်စီး ပါဝါ သက်ရောက် နေတာတွေကို ဘယ်လောက် ထင်ဟပ် ဖေါ်ပြနိုင်သလဲ ဆန်းစစ်နိုင်သလဲ မေးခွန်း ထုတ်နိုင်သလဲ ဆိုတဲ့ အယူအဆတွေ အပေါ်မှာသာ ဆုံးဖြတ်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။

တကယ်လို့ ဒီနေ့ ‘ကဗျာသစ်’ဆိုတဲ့ လက်ရာတွေ Experimental Poetry, အယ်လ်ပီ၊ ပီအယ်လ်ပီ၊ ကွန်ဆက်ကျူရယ်၊ Flarf Poetry, Cyber Poetry, Visual Poetry, Talk Poetry, Hybrid Poetry, Identity Poetry, Anti-Poetry, Digital Poetry ဆိုတာတွေဟာ ပင်မ ရေစီးကဗျာတွေရဲ့ တွေးခေါ် ယူဆပုံတွေနဲ့ မတူ ကွဲပြားလာသည့်တိုင် ဒီလို မတူကွဲပြားမှုဖြစ်စေတဲ့ အချက်က ပို့စ်မော် ဒန် လောကအမြင်/ မေးခွန်းထုတ်ခြင်း/ သရော်ခြင်း စတာတွေ အသား ပေးထားခြင်းကြောင့် မဟုတ်ဘဲ ၉ဝခုနစ်တွေက ပို့စ်မော်ဒန် သမားတွေလို ဗဟို ချက်မဲ့ခြင်းတို့၊ ဖျင်/နွှာ/ခွာခြင်းတို့၊ ပိုင်းစ စိတ်မြွာခြင်းတို့၊ အဆက်အစပ် မဲ့ခြင်းတို့၊ ယောက်ယက်ခပ် ခုန်ကျော်ခြင်းတို့၊ စိတ်အလျဉ် စီးကြောင်း အတိုင်း ရေးခြင်း/ စိတ်ထဲ ပေါ်ပေါက်လာသမျှ စောင့်ယူ ရေးသားခြင်း စတဲ့ ပုံသဏ္ဌာန် အသားပေး စမ်းသပ် ရေးဖွဲ့မှုကြောင့် ကွဲပြားမှု (ကွဲပြား သယောင်) ဖြစ်စေတာ ဆိုရင် ဒါဟာ ပို့စ်မော်ဒန် ကဗျာလို့ အတတ် ခေါ်ဆိုဖို့ မဖြစ်နိုင်တော့သလို ကဗျာသစ်လို့ ခေါ်ဆိုဖို့လည်း မဖြစ်နိုင်တော့ဘူး။ ‘အသစ် ပြုလုပ်ခြင်း’ လို့ မဆို နိုင်တော့ဘူး။ ‘အသစ်တော့ အသစ်ပဲ ဒါပေမယ့် စက်မှုဇုံထုတ်’ ဖြစ်နေမှာပဲ။

ကျွန်တော်တို့ဆီမှာ ကဗျာအမျိုး အစားသစ်တွေအနေနဲ့ ထင်မှတ် ဖတ်ရှုနေကြတဲ့ ကဗျာတွေမှာ ကျွန်တော် တွေ့ရသလောက်က သူတို့ဆီက ပထမ မျိုးဆက်/ကျွန်တော်တို့ ဆီက ၉ဝခုနစ်အလွန် ပို့စ်မော်ဒန် အယူအဆတွေရဲ့ အငွေ့အသက်တွေ (ရည်ရွယ်လို့ ဖြစ်ဖြစ် မရည်ရွယ်ဘဲ ဖြစ်ဖြစ်) ကပ်ညိ လိုက်ပါနေသလို တချို့ ကဗျာ အယူအဆတွေဆိုရင် (ဥပမာ နီယိုမော်ဒန်) အစဉ်အလာ ပင်မရေစီးအတွင်း လက်ခံထားတဲ့ စာပေ/ကဗျာဖြစ်မှုကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတဲ့ အထိ တွေ့ရနိုင်တယ်။

ဒုတိယမျိုးဆက်ပို့စ်မော်ဒန်နဲ့ ငါတကယ်အိပ်ချင်နေပြီ

အနောက်တိုင်းက ပို့စ်မော်ဒန် ဒုတိယ မျိုးဆက်မှာတော့ မော်ဒန်ဝါဒနဲ့ ပထမ မျိုးဆက် ပို့စ်မော်ဒန်တွေရဲ့ ပုံသဏ္ဌာန် ခက်ခဲမှုကို လျော့ချခဲ့တယ်။ သရုပ်မှန်ရဲ့ ကိုယ်စားပြုခြင်း သဘောကို စိန်ခေါ်ဖို့၊ သရုပ်မှန် ဝါဒ (ဝါဒကိုသာ ဆိုလိုတယ်)နဲ့ အစွန်းရောက် ပုံသဏ္ဌာန် ဝါဒကို ဆန့်ကျင်ဖို့ သရုပ်မှန် ပို့စ်မော်ဒန် ဝါဒနဲ့ ပို့စ်မော်ဒန် ဝါဒ အခြေခံ သရုပ်မှန် လက်ရာ (postmodernist realism) ဆိုတာ ပေါ်ပေါက် လာပြန်တယ်။ ဒါဟာ အစောပိုင်း ပို့စ်မော်ဒန်နဲ့ ပို့စ်မော် ဒန်ဝါဒကို လွန်သွားခဲ့ပြီဖြစ်တဲ့ ပို့စ်မော်ဒန် အလွန် post-postmodernism ပဲဖြစ်တယ်။ ဒီပို့စ်မော်ဒန် ဝါဒ အခြေခံ သရုပ်မှန် လက်ရာတို့ ပို့စ်-ပို့စ် မော်ဒန် လက်ရာတို့ကို ဒီမှာ ပြောဖို့ စောနေသေးသလို ဖြစ်နေပေမယ့် တကယ်တော့ နောက်ကျနေပြီ လို့တောင် ဆိုနိုင်တယ်။ ‘စောသေးတယ်’ဆိုတာ စာပေ/ကဗျာလက်ရာတွေ အားဖြင့် ဒီမှာ မရှိသေးလို့ မဟုတ်ဘူး၊ ကျွန်တော်တို့ ပို့စ်မော်ဒန်/ပို့စ်မော်ဒန် စာပေ/ကဗျာ အယူအဆ ဆိုတာ တွေကိုတောင် အကျေအလည် မရှင်းလင်း သေးလို့ပဲ။ ဒီအခြေအနေမှာ ပို့စ်-ပို့စ်မော်ဒန် လက်ရာ တစ်ပုဒ်ကို နမူနာအဖြစ် ထုတ်ပြ လိုက်ရင် ပြဿနာ အများကြီး ရှိလာနိုင်တာ တွေးမိလို့ပါ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့က ယနေ့ ကျွန်တော် တို့ ပြည်တွင်းမှာ ဖြစ်ရှိနေတဲ့ ခေတ်ပြိုင် ကဗျာ အနေ အထား အတွင်းမှာ အစောပိုင်း ပို့စ်မော်ဒန် အယူအဆတွေကနေ ကင်းလွတ်ပြီး ဖန်တီး ရေးဖွဲ့နိုင်ခဲ့တယ်လို့ ယူဆတဲ့ ကဗျာ တွေကို ဖေါ်ပြချင်တာ ဆိုတော့ အနီးစပ်ဆုံး ကိုက်ညီတယ်လို့ ယူဆတဲ့ ကဗျာတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီကဗျာကို ပို့စ်-ပို့စ်မော်ဒန် ကဗျာ၊ ပို့စ်မော်ဒန်ဝါဒ အခြေခံ သရုပ်မှန်လက်ရာ စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ အထိတော့ မရည်ရွယ်ပါဘူး။ အစောပိုင်း ပို့စ်မော်ဒန် အယူအဆ တွေကနေ ကင်းလွတ်ပြီး ဖန်တီး ရေးဖွဲ့နိုင်ခဲ့တယ်လို့ ယူဆတဲ့ ကဗျာလက်ရာ တစ်ခုအဖြစ် ဖေါ်ပြချင်ရုံပါပဲ။ တစ်နည်းအားဖြင့် ဒီလိုမျိုးလည်း ပို့စ်မော်ဒန်ကဗျာ ဖြစ်တယ်လို့ ဆိုချင်တာပါပဲ။

ရေးသူ လူဆန်း ကဗျာ စာအုပ်ပါ ကဗျာတစ်ပုဒ် ဖြစ်တဲ့ ‘တကယ် အိပ်ချင်နေပြီ’ဆိုတဲ့ ကဗျာဟာ ရုတ်တရက် ကြည့်လိုက်ရင် ခေတ်ပေါ်ကဗျာ/ ပင်မရေစီး ကဗျာတွေနဲ့ အတူတူလို့ ထင်ရပေမယ့် ကဗျာရေးသူက ပို့စ်မော်ဒန် အမြင်ပါ ရှိတဲ့ရသကို ရရှိဖို့ ပင်မရေစီး ရေးဖွဲ့ဟန်ကိုပဲ ပါးနပ်စွာနဲ့ အသုံးချ ရေးဖွဲ့ထားတာ ဖြစ်တယ်။ တစ်နည်း ပင်မရေစီး ရေးဖွဲ့ဟန်ကို ဆက်စပ်-ဆန့်ကျင်ရင်း ရေးဖွဲ့ထားတာလို့ ဆိုနိုင်တယ်။ လူဆန်းရဲ့ နောက်ပိုင်း ရေးဖွဲ့လာတဲ့ အထဲမှာ ပို့စ်မော်ဒန်ဝါဒ အခြေခံ သရုပ်မှန် လက်ရာလို့ တောင်ဆိုနိုင်တဲ့ ကဗျာတချို့ တွေ့ရတယ်။ ‘ထင်းရောင်းတဲ့ အောင်စိန်’၊ ‘ဂေ’ွ၊ ‘ဒေသနဲ့ ရင်းနှီး ကျွမ်းဝင်အောင်’၊ စသဖြင့်။ ကျွန်တော်က လူဆန်းရဲ့ကဗျာတွေကို အမျိုးအစား ခွဲဖေါ်ပြနေသည့်တိုင် တစ်အုပ်လုံး ခြုံငုံ သုံးသပ်ကြည့်ရင် လူဆန်းရဲ့ ကဗျာတွေ အမျိုးအစားတွေဟာ ရေးသူ လူဆန်းရဲ့ ကဗျာအမျိုး အစား တွေသာ ဖြစ်တယ် ဆိုတာ တွေ့နိုင်တယ်။ ရေးသူ လူဆန်းရဲ့ ကဗျာအမျိုးအစား တွေအဖြစ်သာ ဖတ်ရှု နိုင်တယ်။ ရေးသူ လူဆန်းရဲ့ ကဗျာ အမျိုးအစားတွေ အဖြစ်သာ ခံစားနိုင် တယ်။ ရေးသူ လူဆန်းရဲ့ ကဗျာ အမျိုးအစားတွေ အဖြစ်သာ အတွေးပွားနိုင်တယ်။

‘တကယ်အိပ်ချင်နေပြီ’

ငါတကယ်အိပ်ချင်နေပြီ။
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုကို အားမနာတမ်း
ရှောရှောရှူရှူဝင်အောင် ဘယ်လိုပြောရမလဲ
အဲဒါခက်တယ်။ ဒီမှာ အဲဒါ သိပ်ခက်တယ်
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုအပေါ်
မင်းတစ်မျိးတမည်ခံစားအဓိပ္ပါယ်ဖွင့်ဦးတော့မယ်
ငါသိတာပေါ့။ ကျီးကျီးချင်းသိသလို ငါသိတာပေါ့
တကယ်က ဘယ်လိုပစ်ခွာဖယ်ကျဉ်မှုမျိုးမှ မပါဘဲ
ရိုးရိုးပြောတာ။ တကယ်မျက်ခွံတွေလေးကျလာလို့
တကယ်အနားယူဖို့ လိုလာလို့ ငါ့ဘော်ဒီအတွင်းထဲက
ခေါင်းလောင်းသံတွေ ငါပြန်ဆိုလိုက်တာပါ
ငါကတယ်အိပ်ချင်နေပြီကွာ
၂ဝဝ၆

ကဗျာဖတ်ကျင့်ရှိသူ မည်သူမဆို နားလည်လောက်တဲ့ အထက်ပါကဗျာဟာ ပို့စ်မော်ဒန်အမြင်ကို ထင်ဟပ်နိုင်တဲ့ ပို့စ်မော်ဒန်ကဗျာ တစ်ပုဒ်ပဲလို့ဆိုရင် လက်ခံဖို့ ခက်ချင် ခက်နေလိမ့်မယ်။ ဒီကဗျာလေးဟာလည်း ဖတ်ရ လွယ်ကူတယ် ဆိုပေမယ့် ခေတ်ပေါ်/ မော်ဒန်သမားတွေ လုပ်သလို ‘ငါ၊အတ္တ’ ရှေ့တန်းတင်ပြီး အတွေးအခေါ်၊ ခံစားမှု၊ ဝါဒတစ်ခုခုကို ကိုယ်စားပြုဖို့ ကြိုးစားထားတဲ့ ရိုးစင်းတဲ့ ကဗျာရေးဖွဲ့ဟန်တွေနဲ့တော့ မတူတာ အမှန်ပဲ။ ထို့အတူ ကျွန်တော်တို့ဆီက ခေတ်သစ် ကဗျာတွေ ရေးဖွဲ့နေတဲ့ ကဗျာ ရေးသူတွေရဲ့လက်ရာတချို့မှာ တွေ့ရသလို ဘာသာစကား ကစားခြင်း၊ သဒ္ဒါ/ဝါကျ အဆက်အစပ် ပြတ်တောက်ခြင်း၊ ယောက်ယက်ခပ် ခုန်ကျော်ခြင်း၊ သိစိတ် အခုန်အတိုင်း လိုက်ခြင်း၊ နီးရာ စာသား ဆွဲသုံး ဖွဲ့စပ်ခြင်း၊ ကော်လေ့ခ်ျ လုပ်ခြင်း၊ ရောနှောခြင်း စသဖြင့် ပထမမျိုးဆက် ပို့စ်မော်ဒန် အယူအဆတွေရဲ့ အငွေ့အသက် မလွတ်တဲ့ ခဲရာခဲဆစ် ‘နည်း’တွေ ကနေ ကင်းလွတ်နေတာ ကိုလည်း တွေ့ရမှာပဲ။ ဒါပေမယ့် ဒီနေရာမှာ သတိထား ကိုင်တွယ်ရမယ့် အချက်တစ်ခုက ကဗျာဟာ စကားပြေ မဟုတ်တဲ့အတွက် စကားပြေ ထက်တော့ပိုပြီး နားလည်ရ ခက်မှု ဖြစ်နိုင်ချေ ပိုရှိနေတာပဲ။ ကဗျာရဲ့ပင်ကို သဘောအရကိုက ဘာသာ စကားနဲ့ ပြေပြစ် ချောမွေ့အောင် တိုက်ရိုက် ရှင်းလင်းခြင်းကို ငြင်းပယ်မှုနဲ့ ရသ ဖန်တီးမှု ပြုလုပ်ရတာဆိုတော့ ကဗျာဆီက လွယ်ကူ ရှင်းလင်းမှု ကိုတော့ စကားပြေနဲ့ တစ်တန်းစားတည်း ထားပြီး မမျှော်လင့် ကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာက မူလအစကတည်းက စကားပြေ လောက် မရိုးစင်းခဲ့တဲ့ ကဗျာဘဝကနေ ဒီနေ့ ပေါ်ပေါက်နေတဲ့ ကဗျာတွေအထိ ဆက်လက် ‘အသစ် ပြုလုပ်ကြတယ်’ ဆိုတိုင်းလည်း ခက်သထက် ခက်လာတဲ့ ကဗျာ အမျိုးအစားတွေ အဖြစ်နဲ့ အစွန်းရောက် ပုံသဏ္ဌာန် တီထွင်မှု လမ်းကြောင်း တစ်ခုတည်းပေါ် မရောက်ရှိသွားဖို့ပါပဲ။

မဟုတ်ရင်တော့ နီယို၊ ကော်လေ့ခ်ျ၊ ကွန်ဆက်ကျူရယ်၊ အယ်လ်ပီ၊ ပီအယ်လ်ပီ၊ ဟိုက်ဘရက်၊ ပို့စ်မော်ဒန် ဘယ်လိုခေါ်ခေါ် ကိုယ့်ရေးဖွဲ့မှုက ကိုယ် မမျှော်လင့်ဘဲ (style)ဟန်တစ်ခု အသွင် ပြန်ဆောင်လာတဲ့ မော်ဒန် သမားတွေရဲ့ ပုံသဏ္ဌာန် ဝါဒဘက် နောက်ပြန် လှည့်သွားမှာပါပဲ။ စကားပြေနဲ့ ဝတ္တုလို အရေးအသား တချို့မှာ ဝတ္တုဇာတ်လမ်း အဆောက်အအုံ၊ အကြောင်းအရာ၊ ဇာတ်လမ်း၊ ဇာတ်ကွက် စတာတွေကို ဖျက်ပြီး(သို့) ဖယ်ရှားပြီး ပုံသဏ္ဌာန် တီထွင်မှုနဲ့ ရေးဖွဲ့နေတာကို ပို့စ်မော်ဒန် စာပေလက်ရာလို့ မှတ်ထင် ယူဆထားကြတာ ရှိသလို ကဗျာမှာလည်း အကြောင်း အရာတစ်ခု၊ ၄င်း အကြောင်းအရာနဲ့ ကိုက်ညီတဲ့ အာဘော် တစ်ခုခု ဆိုက်ရောက်အောင် ရေးဖွဲ့ခြင်းမျိုးကို ရှောင်ရှားလာတဲ့ အပြင် ခေတ်ပြိုင် လူမှုပတ်ဝန်းကျင်၊ လူမှုရေး နိုင်ငံရေး ဆက်စပ်မှု၊ (ပါတီဆန်/ဝါဒဖြန့် နိုင်ငံရေးကိုမဆိုလို) ကိုယ့် လူ့အဖွဲ့အစည်း အတွင်းဖြစ်ရှိနေတဲ့ လွတ်လပ်မှု၊ တရားမျှတမှု ဆိုင်ရာ အခြေခံတွေနဲ့ယှဉ်တဲ့ ရေးဖွဲ့ ဖန်တီးမှုမျိုးကိုပါ လျစ်လျူရှုလိုက်ပြီး ဘာသာစကား/စာသား သက်သက်ကစားရင်း ရေးဖွဲ့ ဖန်တီးနေတာမျိုးကို ပို့စ်မော်ဒန် ကဗျာလို့ ထင်မှတ် ကောင်းထင်မှတ် နေနိုင်ပါတယ်။ တကယ်တော့ ဒါဟာ ကဗျာရဲ့အစိတ် အပိုင်း သေးသေးလေး တစ်ခုဖြစ်တဲ့ ဘာသာစကား ကစားခြင်း တက်ကနိတစ်ခုသာ ဖြစ်သလို ပို့စ်မော်ဒန်နဲ့လည်း မဆိုင်လှပါဘူး။ ထို့အတူ မိမိ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ရှိနေတဲ့ အခြေအနေနဲ့ တည်ရှိနေတဲ့ ဘာသာဗေဒ သဘောတရားတွေကို ယတိပြတ် ငြင်းပယ်ပြီး တစ်ကိုယ်တော် သာယာမှုရှာတဲ့ ရေးဖွဲ့ ဖန်တီးမှုဆိုတာ အရင်က အစွန်းရောက် မော်ဒန်ဝါဒီတွေ လုပ်ခဲ့တာထက် ဘာမှ ပိုထူးမှာ မဟုတ်ဘူး။ ဒါမှမဟုတ် မိမိကဗျာနဲ့ လူ့အဖွဲ့အစည်းကို `ရှော့ခ်´ရ အောင်လုပ်မယ်`နိုးအောင် လုပ်မယ်´ဆိုတဲ့ အသစ်တီထွင် ရေးဖွဲ့မှု ဆိုတာတွေဟာ စကားလုံးနဲ့ ဘာသာစကားတွေကို ပုံသဏ္ဌာန် ဆိုင်ရာ တီထွင်မှု လုပ်ရင်း ဘာအဓိပ္ပါယ်မှ မထွက်အောင်၊ ရေးသူ တစ်ဦးတစ်ယောက်က လွဲရင် ဖတ်သူ တစ်ဦးတစ်ယောက်မှ နားမလည် နိုင်အောင် ဖန်တီး ရေးဖွဲ့နေတာတွေ သက်သက်ပဲလား။

တကယ်တော့ ဒီနေ့မှာ ပေါ်ပေါက်နေတဲ့ ပို့စ်မော်ဒန်နဲ့ ပို့စ်မော်ဒန် အမျိုးအစားဖြစ်တဲ့ ဘာသာစကား ကဗျာနဲ့တကွ အဆောက်အအုံလွန် ဝါဒ အခြေခံရေးဖွဲ့ နေသူတွေရဲ့ ကဗျာတွေမှာ တီထွင်ဆန်းသစ်မှုတွေ (ပို့စ်မော်ဒန်ရဲ့အရသာဖြစ်တဲ့) အထက်စီးကနေလွမ်းမိုးကြီးစိုးပြီး ကြိုးကိုင် ခြယ်လှယ်နေတဲ့ အယူဝါဒနဲ့ အင်စတီ ကျူးရှင်း ပို့ချမှုတွေကို သရော်ခြင်းတွေ၊ ရောနှော ပြခြင်းတွေ၊ မေးခွန်း ထုတ်ခြင်းတွေ၊ ပုံသေ သတ်မှတ်ထားတဲ့ သီးခြား အမှတ်လက္ခဏာ(Fixed identity) ကနေ ကင်းလွတ်အောင် ရေးသားဖို့ ‘ဖြစ်နိုင်ခြေ’ကို ကြိုးစား ရှာဖွေတာတွေ စတဲ့ ကောင်းကွက်တွေ အများကြီး တွေ့ရပါတယ်။ ဆယ်စုနှစ် တစ်ခုကျော်ကျော် တဝဲလည်လည် ဖြစ်နေတဲ့(ခေတ်ပေါ်) ကဗျာတွေနဲ့ စာရင် အများကြီး ကြိုဆိုထိုက်တဲ့ ကဗျာ အမျိုးအစားတွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အံ့သြစရာ ကောင်းလောက်အောင် အုံနဲ့ ကျင်းနဲ့ ဆန့်ကျင် ရှုံ့ချ ကြတာတွေ့ရတော့ ကျွန်တော်တို့ဆီက အနုပညာသည် တချို့ရဲ့ စိတ်ဓါတ် ချွတ်ခြုံကျမှု၊ အသစ်အဆန်းနဲ့ ပညာတတ်ဆန်မှုကို ရင်ဆိုင်ကြည့် ရမှာ ကြောက်လှန့်မှု စတာတွေ ကြောင့်လည်း ဖြစ်နိုင်သလို ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့တဲ့ အစောပိုင်း ပို့စ်မော်ဒန် အယူအဆတွေအပေါ် သံသယ စိတ်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

‘တကယ် အိပ်ချင်နေပြီ’ ကဗျာမှာ အစောပိုင်း ပို့စ်မော်ဒန်သမားတွေရဲ့ ခဲရာခဲဆစ် ကဗျာအတတ်တွေ တစ်ခုမှ မပါရှိပေမယ့် (ကဗျာ)အနုပညာရဲ့ အရေးကြီးဆုံး အလုပ်ဖြစ်တဲ့ (ကျွန်တော် တစ်ယောက်တည်းရဲ့ အယူအဆ) ဘာသာစကားကို မေးခွန်းထုတ်ခြင်း၊ သရော်ခြင်း၊ ဘာသာစကားက လူ့အဖွဲ့ အစည်း တစ်ခုအတွင်း ဝင်ရောက် အလုပ်လုပ်နေပုံ၊ ဘာသာစကားနဲ့ အရှိတရားကြား အဆက်စပ်မဲ့မှုနဲ့ မသေချာမရေရာမှု စတာတွေ ကို ဖေါ်ပြ နိုင်ခဲ့တာပဲ မဟုတ်ပါလား။

မောင်ယုပိုင်
၂ဝ၁၁

4 Comments

Filed under ကဗျာ, ဆောင်းပါး

ဒီကလိုဖီးနစ် နာမည်ကိုတော့ မေ့မပစ်ပါနဲ

"Freedom of Existence" Digital Print on Canvas Limited Edition, Archives Immagine & Poesia, Seat, Torino, Italy.

_______________________________________________________________________
ဒုံးပျံဟာ အိတ်ကပ်ထဲကို အလွယ်တကူပဲ ရောက်လာတယ်
ခင်ဗျားဘက်က မခံနိုင်တော့လို့ မရပ်နိုင်အောင် ဖြစ်လာတဲ့အခါ
အဘိုးကင်အတွက် မြေးလည်းကင်က အဖေကင်လိုပဲ
ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ကမ္ဘာပတ် လမ်းကြောင်းထဲ
တင်လွှတ်ကြည့်ပေါ့ လွှတ်တင်ကြည့်ပေါ့ လွှတ်ကြည့်ပေါ့
ဒါကလည်း မိုးလေ၀သ ကိစ္စတစ်ခု မဟုတ်လား
အရိုးမြေကျသွားတာ မဟုတ်ပါဘူး အရိုးပြာကျသွားတာပါ
ဟုတ်တယ်လေ
နေက ၀င်သွားတယ် နေက ၀င်သွားတယ်ဗျာ ဒီနေရာကနေ ၀င်သွား
ခင်ဗျာ
အပူတွေတော့ ကျမသွားဘူး
ရေမှန်မှန် မရလည်း ရေတော့ မှန်မှန် သောက်လေ
ငှက်ပျောဖူး သုံးပုလင်းဆိုတာ ငှက်ပျော သုံးခိုင်လောက်တော့ ဘယ်မှာလာပြီး
ဗိုက်ဝမလဲ ဘယ်မှာလာပြီး ပျော်ဝင်မလဲ ဗိုက်မ၀လဲ ငှက်တွေပျော်တာတော့
အရှက်ပြေ ထိုင်ကြည့်နေမယ့် လူတွေအတွက် အမှန်နဲ့တရားကို
ခါချပြလိုက်တာ အခုတော့
ခင်ဗျားရင်ဘတ်ထဲမှာ ရေတွေ တသွင်သွင်စီးနေဖို့ လိုအပ်တယ်
ရေပိုက်ဆင်မယ်ပြောပြီး မဲဆွယ်သလို လာမလုပ်နဲ့တော့ ဟုတ်လား
ရင်ဘတ်ကို ပုတ်ပြရင်း ရင်ဘတ်ကို ပင့်ပြတယ် နံရိုးတစ်ချောင်း ပျောက်နေသလို
ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်ထိုးတာ တို့အမျိုးနဲ့ တို့တိုင်းအတွက်သာ သယ်ပိုးစေဖို့ရာတဲ့
ဒီမယ် ရင်ဘတ်ထဲကဟာကို ပြောင်းဖို့ မကြိုးစားနဲ့ မရတော့ဘူး
ဟုတ်တာပေါ့ ဒါကြောင့်လည်း ခင်ဗျားရင်ဘတ်ထဲကို မှန်ပြောင်း ထည့်ကြည့်ချင်တာ
ငါးစက္ကန့်ကို တစ်စက်နှုန်းနဲ့ ခင်ဗျားအကြောထဲကို အရည်တွေထည့်ပေးနေတယ်
အရည်ကလေးဝင်မှ ခင်ဗျားလည်း နေသာထိုင်သာ ရှိမယ်
ချစ်ထွန်းကား ရောက်လာပြီလို့ ကြားလိုက်တယ်ဟုတ်လား
အဲတာ ခင်ဗျား ငယ်ငယ်တုန်းက ဖြစ်မှာပါ
ခင်ဗျား အခုရောက်နေတာ ကျော်သူခေတ်လေဗျာ
ပျော်တဲ့သူတွေ ပျော်တာပေါ့
ငါးထောင်နဲ့ ပျော်မရသေးတော့ နှစ်သိန်းပေးပြီး ပြောကြတယ်လေ
ခေတ်ညောင်းသွားပြီ မဟုတ်လား ခေတ်တစ်ခေတ်တော့ ညောင်းသွားပြီပေါ့
အရေးကြီးတာက
ဒီကလိုဖီးနစ်
ခင်ဗျားဘက်က မခံနိုင်တော့လို့ မရပ်နိုင်အောင် ဖြစ်လာတဲ့အခါ
နီးစပ်ရာ ဆေးဆိုင်မှာ ပြေးဝယ်လိုက်
ပြီးတော့ စအိုထဲ သွင်းလိုက် ၁၅ မိနစ်လောက်ကြာရင်
ကောင်းသွားမှာပါ
ညောင်းငြာကိုက်ခဲနေတယ် ဟုတ်လား
ခုနက ပြောတယ်လေ
ခေတ်တစ်ခေတ်တော့ ညောင်းသွားပြီလို့။

ဧပြီ ၂၆၊ ၂၀၁၂ခုနှစ်။
တောကျောင်းဆရာ

ဒီကလိုဖီးနစ် : diclophenax

noted: မယ်အေးက သူ့မွေးနေ့အတွက် အက်ဆေးဖြစ်ဖြစ်၊ ကဗျာဖြစ်ဖြစ် တောင်းတယ်။
ဒါနဲ့ ဒီကဗျာကို ပေးလိုက်တယ်။

2 Comments

Filed under ကဗျာ

နွေရာသီဟာ ဆုံးဖြတ်ချက်တွေ ချဖို့ မသင့်လျော်တဲ့ ရာသီတစ်ခု ဖြစ်တယ်

ARTE DIGITAL 2012 by MARCIA MALDONADO

_______________________________________________________________________

အပိုင်း (၁)

နွေရာသီဟာ ဆုံးဖြတ်ချက်တွေ ချဖို့ မသင့်လျော်တဲ့ ရာသီတစ်ခု ဖြစ်တယ်။ အဲဒီ စာကြောင်းကို ပြီးခဲ့တဲ့ တနင်္ဂနွေက ရရှိခဲ့တာ ဖြစ်တယ်။ အဲဒီနေ့က သူ့ထံသို့ ကျောက္ကပ် မကောင်းတဲ့ သူငယ်ချင်း တစ်ယောက် အလည်အပတ် ရောက်လာခဲ့တယ်။ မူရာကာမိရဲ့ ပြဿနာကတော့ အချစ်ကို ယုံတာပဲဗျလို သူ ပြောလိုက်မိတယ်။ မြင့်သန်းလည်း ထိုနည်းလည်းကောင်းပဲလို့ ကိုကျောက္ကပ်က ပြန်ပြောတယ်။ ဒီနေရာမှာ ဇာတ်ကောင် တစ်ကောင် မွေးဖွားလိုက်တယ် ဆိုကြပါစို့။ ကိုကျောက္ကပ်။ ကိုကျောက္ကပ်သည် သူ့ရဲ့ ဇာတ်လမ်းထဲမှာ ရှင်သန်နေသလို အပြင်မှာလည်း ရှင်သန်နေတယ်။ ဒီဇာတ်လမ်းရဲ့ ပထမ စာကြောင်းများဟာ သူ့ဘ၀ အစဖြစ်ပြီး နောက်ဆုံး စာကြောင်းများမှာ သူ့ဘ၀ကို အဆုံးသတ် လိုက်မယ်။ အပြင်မှာလည်း ကိုကျောက္ကပ်ဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း အကြားမှာ ပိတ်မိနေတယ်။ ကိုကျောက္ကပ်ဟာ ကိုကျောက္ကပ်အဖြစ် မွေးဖွားလာဖို့ တောင်းဆိုခဲ့ခြင်း မရှိသလို သူ့ရဲ့ဇာတ်လမ်း အတွင်း သူ့(ကိုကျောက္ကပ်) ကို ဇာတ်ကောင် တစ်ကောင်အဖြစ် ထည့်သွင်းဖို့လည်း ဆန္ဒပြုခဲ့ဘူးတာ မရှိဘူး။ ကိုကျောက္ကပ်ဟာ သူ့မိသားစုကို သူ ရွေးချယ်ခွင့် မရှိခိုက်မှာပင် ကျွန်တော့် ဇာတ်ကွက် ကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိဖြစ်ရတယ်။ ကိုကျောက္ကပ်ဟာ ပြီးခဲ့တဲ့ တစ်လလုံးနီးပါး ပင်လယ် ကမ်းခြေ အပန်းဖြေစခန်း တစ်ခုကို ရောက်နေခဲ့တယ်။ ဆူနာမီ ရေလှိုင်းတွေ လာတော့မယ်ဆိုပြီး ကြေညာချက်တွေ ထွက်ပေါ်လာချိန်က ကိုကျောက္ကပ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိနေခဲ့တယ်။ ခရီးသည်တွေ အသီးသီးအသက မော်တော်ယာဉ်တွေပေါ် တက်ပြီး ထွက်ခွာသွားချိန်မှာ ကိုကျောက္ကပ်ဟာ ကမ်းခြေမှာ တစ်ယောက်တည်း ကျန်ခဲ့တယ်။ ပင်လယ် ကမ်းခြေ အပန်းဖြေစခန်း တစ်ခုလုံးကို ကျွန်တော် တစ်ယောက်တည်း အပိုင် ရလိုက်တာဗျလို့ သူက ခပ်တိုးတိုး ရေရွတ်နေတယ်။ ဒါပဲ။ ဒါလောက်ပဲ။

အပိုင်း(၂)
ယမန့်နေ့က သူ့ဆီကို ကိုကျောက္ကပ်ဆီက မက်ဆေ့ဂ်ျ တစ်ခု ၀င်လာတယ်
“ကျွန်တော်လည်း အချစ်ကို ယုံတယ်ဗျ”။

မိုးဆတ်

Leave a comment

Filed under အရေးအသား

ကဗျာနွေဦးတော်လှန်ရေး ခေတ်ပြိုင်ကဗျာနိဒါန်း

နှစ်သစ်တစ်နှစ် ကူးပြောင်းလာပြန်ပြီပေါ့။ ကျန်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကဗျာရေစီးကြောင်း အပြောင်းအလဲတွေကို များစွာ ကြုံလာ ရပြန်ပြီပေါ့။ ဘယ်ပုံဘယ်နည်း ပြောင်းလဲမှုတွေ ကြုံလာရသလဲ ဆန်းစစ် ကြည့်မိရပြန်ပြီပေါ့။ ကုန်လွန်ခဲ့တဲ့ နှစ်ကာလများမှာ ကဗျာ ရွက်ဟောင်းတွေ ကြွေပြီးနောက် ရောက်လာမယ့် နှစ်သစ်တွေမှာ ကဗျာရွက်သစ်တွေ ဝေပြန်ပြီပေါ့။ ဝေရ ဦးမှာပေါ့။

မနှစ်က ကုန်လွန်ခဲ့တဲ့ မဂ္ဂဇင်း စာမျက်နှာများ ပေါ်မှာ ထုံးစံအတိုင်း ပင်မရေစီး ခေတ်ပေါ် ကဗျာတွေကိုပဲ အတွေ့ များခဲ့ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ပေါ်မူတည်ပြီး ခေတ်ပေါ်ကဗျာဟာ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းဆန့်ကျင်ရေးလို ယုံကြည်ချက် အကျဉ်းသား လွတ်မြောက် ရေးလို ၀ါဒရေးရာ ဦးစားပေးမှုတွေ အောက်မှာ အရောင်ပိုမှိန် သွားခဲ့ရတယ်။ အခြေအနေ အချိန်အခါအရ ဒေါ်အောင်ဆန်းစုကြည်လို ကိုမင်းကို နိုင်လို ပြည်သူချစ် နိုင်ငံရေးသမားတွေ ကိုယ်တိုင် ကဗျာတွေ ရေးသားပြီး ပြည်သူကို အမျိုးသားရေး စိတ်ဓာတ် အရှိန် မြှင့်တင် ပေးတာကို တွေ့ခဲ့ ရတယ်။ ဒီလို ပြည်သူချစ် နိုင်ငံရေး သမားတွေ အနေနဲ့ ၀ါဒရေးရာ ကဗျာတွေ ရေးတာဟာ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စ။ ကြိုဆိုရမယ့် ကိစ္စ။ အားပေးရမယ်။ ကဗျာလောက အတွက်လည်း ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရေး သမားတွေလိုလည်း နိုင်ငံရေးကို ဟုတ်ဟုတ် ငြားငြားလုပ်ခဲ့တာမျိုးမရှိ၊ ကဗျာဆိုင်ရာဖန်တီးမှုမှာလည်း ထွန်းထွန်း ပေါက်ပေါက် မဟုတ်တဲ့ လူအတော် များများဟာ ၀ါဒရေးရာကဗျာတွေ နင်းကန်ရေးပြီး မဂ္ဂဇင်း စာမျက်နှာတွေကို ဖြုန်းတီး ပစ်ခဲ့ကြပါတယ်။ ၀ါဒရေးရာ ကဗျာတွေကို ရေးသားတဲ့ ကဗျာဆရာ/မတွေထဲမှာ စစ်မှန်တဲ့ ယုံကြည်ချက်နဲ့ ရေးသားသူတွေ ရှိသလို မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ပါရဖို့အတွက် အဓိက ထား ရေးသူတွေလည်း ရှိနေတယ်။ ခေတ်ပေါ်ကဗျာ မှာ နေရာမရခဲ့တဲ့ သူတစ်ချို့ဟာ ၀ါဒရေးရာ ကဗျာတွေမှာတော့ ဟုတ်လှပြီ အထင်နဲ့ လှိမ့် ရေးကြပါတော့တယ်။ ဒါပေမယ့်လည်း ကဗျာဆိုင်ရာ အရည်အသွေးလည်း မပြည့်မှီ၊ အမျိုးသားရေး စိတ်ဓာတ်လည်း မနိုးကြားတဲ့ ကဗျာတွေပဲ ဖြစ်လာ ပါတော့တယ်။ မဂ္ဂဇင်းတချို့ကလည်း ၀ါဒရေးရာ ကဗျာတွေကို အမျိုးသားရေး လှုပ်ရှားမှု လှိုင်းတစ်ခုလို သဘောထားပြီး စိစစ်မှုမရှိဘဲ ဗုန်းပေါလအော ဖော်ပြ ပေးနေတာကြောင့်လည်း ပါပါတယ်။ လက်ရှိ နိုင်ငံရေး ဂယက်တွေကြောင့် ၀ါဒရေးရာ ကဗျာတွေ အားကောင်း လာတာဟာ ဖြစ်သင့် ဖြစ်ထိုက်တာ မှန်ပေမယ့် အနုပညာ ဟာ နိုင်ငံရေး လက်အောက်ခံ မဟုတ်ကြောင်းကိုတော့ ကွဲပြားစေလိုပါတယ်။

ဝါဒရေးရာ ဦးစားပေး မဟုတ်တဲ့ အခြား မဂ္ဂဇင်း စာမျက်နှာ တွေပေါ်က ကဗျာတွေဖက် ဦးလှည့် လိုက်ပြန် တော့လည်း ဆိုခဲ့ပြီးသလို အများစုဟာ ပင်မ ရေစီး ခေတ်ပေါ် ကဗျာတွေပဲ ဖြစ်နေပြန်ပါတယ်။ ပြောရရင် ဒီကာလတွေမှာ ဖတ်ရှုခဲ့ရတဲ့ ကဗျာတွေဟာ တစ်ဖက်မှာ ၀ါဒ ရေးရာ ဇောင်း ပေးထားတဲ့ ကဗျာတွေ၊ နောက်တစ်ဖက် ကျတော့ နှစ်၄၀ ကျော်ကြာ တွေ့မြင်ပြီး ဖြစ်တဲ့ ပင်မရေစီး ခေတ်ပေါ် ကဗျာတွေ ဆိုပြီး အကြမ်းဖျဉ်း နှစ်မျိုး တွေ့ရတယ် လို့တောင် ပြောရမလိုပါပဲ။ ဒီအထဲမှာမှ ရှားရှားပါးပါး မဂ္ဂဇင်း စာမျက်နှာပေါ် ရောက်ရှိလာပြီး ခေတ်ပြိုင် ကဗျာ ဖြစ်နေတဲ့ ကဗျာ တစ်ချို့ ဖတ်ရှုခွင့်ရခဲ့ပေမယ့် အချိုးအစား အရတော့ အလွန်ပဲ နည်းပါး နေသေးပါတယ်။ ဒါပေမယ့် ခေတ်ပြိုင် ကဗျာ(ဟန်) အတွေ့များတဲ့ အွန်လိုင်းပေါ်က ကဗျာတွေကတော့ အရှိန်အဟုန် ပြင်းပြင်း လွတ်လွတ်လပ်လပ် စီးမျောနေခဲ့တာဟာ ကဗျာ လောကသား တွေ အတွက် ကံကောင်း ထောက်မမှု တစ်ခုလို့ ဆိုချင် ဆိုနိုင်ပါတယ်။

အွန်လိုင်း ကဗျာလို့ ဆိုရာမှာ အင်တာနက် မီဒီယာရဲ့ လွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချပြီး ဖန်တီး ရေးဖွဲ့ ထုတ်လုပ်ထားတဲ့ အစဉ် အလာနဲ့ ခေတ်ပေါ် ရေးဟန် ကနေ ခွဲထွက်လာတဲ့ ဘယ်ကဗျာ အမျိုးအစား မဆို အကျုံးဝင်ပါတယ်။ တစ်နည်းအားဖြင့် ဒီကဗျာ တွေကို ခေတ်ပြိုင် ကဗျာတွေ လို့လည်း ခေါ်ဆိုနိုင်မယ် ထင်ပါတယ်။ (အွန်လိုင်းပေါ်မှာ ရေးမှ ခေတ်ပြိုင်ကဗျာ ဖြစ်တာမျိုးကို ဆိုလိုခြင်း မဟုတ်ပါ။ အွန်လိုင်းပေါ်မှာ ရေးနေတဲ့ အစဉ်အလာ၊ ခေတ်ပေါ် ကဗျာတွေ ကို ခေတ်ပြိုင်ဟု မသတ်မှတ်ပါ။ အစဉ် အလာ၊ ခေတ်ပေါ် ရေးဟန်များနဲ့ ကွဲပြားတဲ့ ခေတ်ပြိုင်ကဗျာ အရေး အသားတွေ အားကောင်း ဖြစ်ထွန်းနေတဲ့ အွန်လိုင်း မီဒီယာကို ယေဘုယျ ဥပမာ ပေး တင်ပြခြင်း မျှသာ ဖြစ်ပါတယ်။) ဒီနေရာမှာ ခေတ်ပြိုင် ကဗျာရဲ့ အဓိပ္ပါယ်နဲ့ ပတ်သက် ပြီး ပြောစရာ ရှိလာပါတယ်။ တကယ်တော့ Contemporary Poetry ရဲ့ အဓိပ္ပါယ်ဟာ ခေတ်ပြိုင် ကဗျာဆိုတဲ့ အသုံးအနှုန်းနဲ့တောင် မလုံလောက်နိုင်ပါ။ ခေတ်ပြိုင် ကဗျာဆိုတဲ့ စကားစုထက်လည်း အများကြီး ကျယ်ဝန်း နက်ရှိုင်းပါတယ်။ ဖမ်းဆုပ်ရလည်း အင်မတန် ခက်ခဲပြီး တရားသေ ပြောဖို့ရန် မလွယ်ကူလှပါ။ ဒါပေမယ့်လည်း ဒီဆောင်းပါး မှာတော့ ခေတ်ပြိုင် ကဗျာကို ဂန္တ၀င်၊ ခေတ်စမ်း၊ စာပေ သစ်၊ မိုးဝေ၊ ခေတ်ပေါ် စတဲ့ ခေတ် အဆက်ဆက် ကဗျာဗေဒများနဲ့ အလုံးစုံ ခြားနားတဲ့ မတူညီတဲ့ အခြား မည့်သည့် ကဗျာဗေဒကို မဆို ခေတ်ပြိုင်လို့ သတ်မှတ်တယ် ဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်မှာ ဖြစ်ပါတယ်။ ဒီအမြင်ကို ဆရာသစ္စာနီရဲ့ “မျက်မှောက်ခေတ် မြန်မာကဗျာ ရေစီးသစ်”၊ “ကျွန်တော့်ကို မထင်မှတ်ဘဲ ရှော့ခ် ဖြစ်သွား စေသော” (စရဏ၊ နိုဝင်ဘာ၊၂၀၁၁)နဲ့ ဆရာ ဇေယျာလင်းရဲ့ “ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန် ” (ကဗျာ ဘ၀ရှာတော်ပုံ)၊“`ကဗျာဆိုတာဘာ …´ နဲ့ ဆက်လက် စဉ်းစားစရာများ”(K0NT3MP03TRY)နဲ့ အခြား ကဗျာ ဗေဒတွေကနေ အခြေပြု ဆောက်တည် ယူပါတယ်။ စိတ်ကူးချိုချိုက ထုတ်တဲ့ ဆရာငြိဏ်းဝေရဲ့ ကွန်ဆက် ချူရယ် ကဗျာဗေဒနဲ့ ခေတ်ပြိုင် ကဗျာဆရာ စာအုပ်ငယ်လေး မှာလည်း ခေတ်ပြိုင် ကဗျာဗေဒ အကြောင်းကို အတော် ကျယ် ကျယ် ပြန့်ပြန့် ရေးသားထားတာ တွေ့နိုင်ပါတယ်။ ( ဒီဆောင်းပါး လက်စ သတ်နေစဉ် အတွင်းမှာပဲ အသစ်စက်စက် ထွက်ရှိလာတဲ့ ဆရာ ဇေယျာလင်းရဲ့ “ဖြစ်နိုင်ချေ ရှိသော ခေတ်ပြိုင် မြန်မာကဗျာ အလားအလာများ” စာအုပ် မှာလည်း ခေတ်ပြိုင် ကဗျာဗေဒ အကြောင်းကို တစ်ဝကြီး လေ့လာ နိုင်ပါသေးတယ်) ခေတ်ပြိုင်နဲ့ ခေတ်ပေါ်ကို မကွဲပြားဘဲ အဓိပ္ပါယ် အတူတူ လို့ သတ်မှတ်ထား ကြတဲ့ ကဗျာရေးသူ တချို့လည်း ရှိပါတယ်။ ခေတ်ပေါ် ကဗျာတွေ အားကောင်း နေစဉ်ကတည်းက ရေပန်းစားတဲ့ ခေတ်ပေါ် အာရုံ ခံစားမှုကို တချို့က ခေတ်ပြိုင် အာရုံခံစားမှုနဲ့ အဓိပ္ပါယ် တူတယ်လို့ ယူဆ ကြရာကနေ နားလည်မှု စလွဲတယ်လို့ မြင်ပါတယ်။ အမှန်တော့ ဒီကိစ္စကို ဆရာသစ္စာနီက ၁၉၉၅၊ အောက်တိုဘာလ၊ ရနံ့သစ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “မော်ဒန်ရှင်းတမ်း” ဆောင်းပါးမှာ ကတည်းက ခွဲခြားပြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်ပေါ် အာရုံခံစားမှုနဲ့ ပတ်သက်ပြီး ဆရာဇေယျာလင်း ကလည်း “ခေတ်ပေါ် အာရုံခံစားမှု” (ကဗျာဘ၀ ရှာတော်ပုံ)နဲ့ ကဗျာနဲ့ နိုင်ငံရေး (၂၀၁၂၊ ဖေဖော်ဝါရီ၊ လှိုင်းသစ်)တို့မှာ ဆန်းစစ်ထားတာ တွေ ရှိပါတယ်။

ခေတ်ပြိုင် မြန်မာကဗျာ ဖြစ်ထွန်း ပေါ်ပေါက်လာပုံကို ဆက်လက် ဆွေးနွေး ကြည့်လိုပါတယ်။ နှစ်ကာလ သက်တမ်း ရှည်ကြာနေတဲ့ ခေတ်ပေါ် ကဗျာရဲ့ အရေးအဖွဲ့တွေ အပေါ် အီအိုင်လာ/မေးခွန်း ထုတ်လာတဲ့ ကဗျာရေးသူ တချို့ဟာ ခေတ်ပေါ် ကဗျာအစား အခြားကဗျာတွေကို လွတ်လပ် စွာ စမ်းသပ် ရေးသား လာကြတာ အားလုံး အသိပဲ ဖြစ်မှာပါ။ ခေတ်ပြိုင် ကဗျာနိဒါန်း စတင်ပြီလို့ ဆိုကြပါစို့။

၂၁ရာစု မြန်မာ ခေတ်ပြိုင် ကဗျာလောကဟာ အထင်ကရ ခေတ်ပေါ် ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်းနဲ့ စခဲ့ပါတယ်။

အထက်ပါ စာကြောင်းဟာ ကဗျာဆရာ မိုးဝေးရဲ့ သူပဲအကြမ်း သူပဲအချော ကဗျာစာအုပ်မှာ ပါရှိတဲ့ ဆရာ ဇေယျာလင်းရဲ့ အမှာစာ ဖွင့်ဖွင့်ချင်း စာကြောင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်ရဲ့ ခေတ်ပြိုင် ကဗျာလောက စတင်ခြင်း တရားဝင် မှတ်တမ်းများ ဖြစ်မလားမသိပါ။ မဟုတ်ရင်လည်း တရား မ၀င်တဲ့ တရားဝင် မှတ်တမ်း အနေနဲ့ရော သတ်မှတ် နိုင်မလား မသိပါ။ အဆိုပါ စာကြောင်းအရ ခေတ်ပေါ် ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်းနဲ့ စခဲ့တယ် ဆိုတော့ မောင်ချောနွယ် ကွယ်လွန်ခဲ့တဲ့ ၂၀၀၂ခုနှစ်ကနေ ခေတ်ပြိုင် ကဗျာဟာ စတင်တယ်လို့ ဆရာ ဇေယျာလင်းက သတ်မှတ်လိုပုံ ပါတယ်။ ဒီအဆိုကြောင့် ဂန္တ၀င်၊ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ(၀ါ) အစဉ်အလာနဲ့ ခေတ်ပေါ် ရေးဟန် ကနေ ခွဲထွက် လာတဲ့ ခေတ်ပြိုင် ကဗျာ အရေးအသားတွေဟာ မြန်မာ ကဗျာလောက ထဲကို ခေတ်ပေါ် ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်တဲ့ ၂၀၀၂ခုနှစ် မှာ ရောက်ရှိ နေပြီလား ဆိုတာကို ပြန်ဆန်းစစ် ကြည့်မိပြန်ပါတယ်။ ၂၀၀၂ခုနှစ်နဲ့ မရှေး မနှောင်း ၂၀၀၄-၅ခုနှစ်တွေမှာ အစပြုခဲ့တဲ့ (ဒီ့ထက်လည်း စောနိုင် ပါသေးတယ်) ဆရာဇေယျာလင်း ဦးဆောင်တဲ့ LP ဆိုင်ရာ ကဗျာဗေဒ လှုပ်ရှားမှုတွေနဲ့ ဆရာငြိဏ်းဝေရဲ့ Conceptual ကဗျာအရေးအသား တွေကို ကြည့်မယ် ဆိုရင် ခေတ်ပြိုင် ကဗျာဟာ ခေတ်ပေါ် ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်းနဲ့ စတင်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဆိုနိုင် တာပါပဲ။

LP ကဗျာဗေဒဟာ အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒ တွေနဲ့ သိသိသာသာ ကွဲပြားခဲ့ပါတယ်။ အလားတူပဲ ဆရာငြိဏ်းဝေ စိုက်လိုက်မတ်တပ် လုပ်ဆောင်နေတဲ့ Conceptual ကဗျာဗေဒ တွေဟာလည်း အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒ တွေနဲ့ ခြားနားပါတယ်။ တစ်နည်းအားဖြင့် ဒါတွေဟာ ခေတ်ပြိုင် ကဗျာအရေးအသား တွေပါပဲ။ LP နဲ့ Conceptual ကဗျာဗေဒတွေတင် မကဘဲ အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒတွေနဲ့ ကွဲပြား ခြားနားတဲ့ မြောက်မြား လှစွာတဲ့ အခြား ကဗျာဗေဒတွေ အခြား ကဗျာ အရေး အသားတွေ ကိုလည်း ခေတ်ပြိုင် လို့ ယူဆရမှာ ဖြစ်ပါတယ်။ Experimental Poetry၊ LANGUAGE Poetry ၊ Post LANGUAGE Poetry၊ Conceptual Poetry၊ Flarf Poetry၊ Cyber Poetry၊ Visual Poetry၊ Talk Poetry၊ Hybrid Poetry၊ Identity Poetry၊ Anti-Poetry၊ Digital Poetry စသဖြင့် အစဉ် အလာနဲ့ ခေတ်ပေါ် ကဗျာဗေဒတွေနဲ့ သိသာ ကွဲလွဲနေတဲ့ ခေတ်ပြိုင် ကဗျာအရေးအသားတွေ အားလုံး အကျုံးဝင်ပါတယ်။ အစပိုင်း မှာ တော့ ခေတ်ပြိုင် ကဗျာ ရေးသားသူတွေဟာ တစ်ယောက်စ နှစ်ယောက်စ မျှလောက်ပါပဲ။ နောက်တော့ တစ်ဖွဲ့စ နှစ်ဖွဲ့စ ဖြစ်လာတယ်။ အွန်လိုင်းမီဒီယာကို အသုံးချ သွားနိုင်တဲ့ နောက်ပိုင်းမှာ ကျတော့ ခေတ်ပြိုင် ကဗျာ ရေးသားသူတွေဟာ အုံနဲ့ကျင်းနဲ့ ထွက်ပေါ် လာကြပါတယ်။

ဘ၀င်မကျ ဖြစ်မယ်ဆိုရင် ဖြစ်စရာ ကောင်းတာတစ်ခုက အွန်လိုင်းပေါ်မှာ ခေတ်ပြိုင်ကဗျာတွေ အားကောင်း နေပေမယ့် မဂ္ဂဇင်း စာမျက်နှာပေါ် မှာ ကျတော့ ခေတ်ပြိုင် ကဗျာဟာ အင်မတန် အားနည်း နေသေးတဲ့ ကိစ္စပါပဲ။ ၁၉၇၀ကနေ စတင် ရေတွက် ကြည့်မယ်ဆိုရင် နှစ် ၄၀ကျော်သက် တမ်းနဲ့ ရပ်တည်ခဲ့တဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာဟာ ဂုဏ်ယူတတ်မယ်ဆိုရင် ဂုဏ်တောင်ယူရဦးမှာပါ။ ခေတ်ပေါ်ကဗျာဟာ အဲသလို သက်တမ်းရှည်သလောက် ခေတ်ပြိုင်ကဗျာကတော့ ခေတ်ပေါ်ရဲ့ သုံးပုံတစ်ပုံလောက်တောင် မဂ္ဂဇင်းစာမျက်နှာပေါ်မှာ နေရာမရဖြစ်နေတာ ကို တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ ဒီလိုမေးလိုက်လို့ ခေတ်ပြိုင်ဟာ ခေတ်ပေါ်ရဲ့ နေရာကို လုယူတွန်းဖယ်ရန် ရည်ရွယ်ရင်းမဟုတ်ပါ။ တကယ်တမ်း မဂ္ဂဇင်းစာမျက်နှာပေါ် ခေတ်ပြိုင်ကဗျာများ ရောက်ရှိခြင်း မရောက်ရှိခြင်းဟာ အရေးမှ မကြီးတာပဲ။ ခေတ်ပြိုင် ကဗျာကို နေရာ မပေးလည်း ခေတ်ပြိုင် ကဗျာကတော့ သူ့တန်ဖိုး အတိုင်း နေရာ တစ်ခုမှာ ဆက်လက် ရပ်တည်နေမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခေတ်ပေါ် ကဗျာရဲ့ ကဗျာဖြစ်မှုကို အသိအမှတ် ပြုသလို ခေတ်ပြိုင်ကဗျာရဲ့ ကဗျာ ဖြစ်မှုကိုလည်း အသိအမှတ် ပြုသင့်တယ်လို့ မြင်မိပါတယ်။

ဒီနေရာမှာ မဂ္ဂဇင်း အယ်ဒီတာတွေရဲ့ အခန်းကဏ္ဍကို မထည့်မဖြစ် ထည့်ပြောလိုပါတယ်။ ခေတ်ပြိုင် ကဗျာတွေ ဘာကြောင့် မဂ္ဂဇင်း စာမျက်နှာ တွေပေါ် မရောက်ရှိ နိုင်သလဲဆိုတဲ့ အဓိက အကြောင်းရင်း အတော်များများဟာ အယ်ဒီတာတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတာ ကြောင့်ပါ။ မဂ္ဂဇင်း အယ်ဒီတာ အများစုမှာ ဖြစ်ပေါ်နေတဲ့ ခေတ်ပေါ် ကဗျာ အစွဲအလန်းများ၊ ကဗျာဆိုင်ရာ အကဲဖြတ်နိုင်စွမ်း ချိန်ခွင်လျှာ မညီမျှမှုများ၊ ဆရာ သမား အပေါင်းအသင်း ပုဂ္ဂိုလ်စွဲ မကင်းရှင်းမှုများ၊ ခေတ်ပေါ်ကလွဲလို့ အခြား ကဗျာဗေဒများ ကို လွယ်လင့်တကူ လက်မခံနိုင်မှုများ။ အနုပညာကို နိုင်ငံရေး လက်အောက်ခံ ပြုလိုမှုများ၊ ကဗျာနဲ့ မသက်ဆိုင်တဲ့ အယ်ဒီတာများရဲ့ ဖြတ်ထုံးများ စတဲ့ အချက်တွေက ခေတ်ပြိုင် ကဗျာကို မဂ္ဂဇင်း စာမျက်နှာပေါ် တက်ဖို့ ခက်ခဲစေခဲ့တယ် ထင်ပါတယ်။ ဒါ့အပြင် ခေတ်ပြိုင် ကဗျာရေးသားသူ များဘက်မှာ တွေ့မြင် နေရတဲ့ အချက်တွေ ကိုလည်း တစ်ဆက်တည်း တင်ပြလိုပါတယ်။ အဲဒါတွေကတော့ ခေတ်ပြိုင် ကဗျာ ရေးသားနေသူများ ကိုယ်တိုင် မဂ္ဂဇင်း စာမျက်နှာ များ ထက်မှာ ဖော်ပြခံလိုစိတ် မရှိခြင်း၊ ခေတ်ပြိုင် ကဗျာရေးသားသူ တချို့ရဲ့ ကဗျာတွေဟာ ခေတ်ပြိုင် ဖြစ်ခြင်းက လွဲရင် အနုပညာ အား နည်း နေလွန်းသေး ခြင်း၊ ကဗျာ ရေးသက် နုလွန်းနေခြင်း၊ အပျော်တမ်း ဆန်လွန်းနေခြင်းနဲ့ တရားလွန် လွတ်လပ်မှု ရှိခြင်း တို့ကြောင့်လို့ မြင်ပါတယ်။ အဲသလို အချက် တွေကြောင့် ခေတ်ပြိုင် ကဗျာဟာ မဂ္ဂဇင်း စာမျက်နှာတွေပေါ် အုံနဲ့ကျင်းနဲ့ မရောက်ရှိ နိုင်သေးတာလို့ ယူဆရ မှာ ဖြစ်ပြီး နောက်ဆုံး တစ်ချက် အနေနဲ့ကတော့ စာပေ စိစစ်ရေးကြောင့်လို့ ပြောရမှာပါပဲ။

ဘယ် အနုပညာရပ် အမျိုးအစားမဆို ရွေ့လျား ပြောင်းလဲတတ်တဲ့ သဘာဝရှိပါတယ်။ လက်တလော အနေအထားမှာ ခေတ်ပြိုင် ကဗျာအနေနဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ် အုံကျင်းဖွဲ့ မရောက်နိုင် သေးသော်ငြားလည်း တစ်ချိန်ချိန်မှာတော့ ရောက်လာ နိုင်တော့မယ်လို့ မြင်ပါတယ်။ အဲဒီ့ တစ်ချိန် ချိန် ဆိုတာလည်း သိပ်မကြာတော့ဘူးလို့ သုံးသပ် ချင်ပါတယ်။ အကြောင်းကတော့ ကုန်လွန်ခဲ့တဲ့ တစ်နှစ်တာ အတောအတွင်း နွယ်နီ၊ စံပယ်ဖြူ၊ Idea၊ Beauty၊ Mandalay Icon နဲ့ Look မဂ္ဂဇင်းတွေမှာ ခေတ်ပြိုင် ကဗျာတစ်ချို့ကို ထည့်သွင်း ဖော်ပြခဲ့တာ တွေ့ရှိရလို့ပဲ ဖြစ်ပါ တယ်။ သိပ်မကြာခင်မှာလည်း ဆရာကောက်နွယ်(ကနောင်)ရဲ့ ရယ်စရာ မဂ္ဂဇင်းမှာ ခေတ်ပြိုင် ကဗျာတွေကို တွေ့မြင်ရဖို့ ရှိနေ ပါ တယ်။ ခေတ်ပြိုင် ကဗျာနဲ့ ပတ်သက်ပြီး အဆိုပါ မဂ္ဂဇင်းတွေကို ထည့်သွင်း ချပြလိုက်ရတာဟာ ၀ါဒဖြန့် ချုပ်လုံး သွင်းနေခြင်း မဟုတ်ရပါ။ တစ်နှစ်တာ အတောအတွင်း အစဉ်အလာနဲ့ ခေတ်ပေါ် ကဗျာမဟုတ်တဲ့ အခြား ကဗျာတွေကို အဆိုပါ မဂ္ဂဇင်းတွေမှာ ဖတ်ရှုခွင့်ရခဲ့ပြီး ချန်လှပ် မထား အပ်လို့ ကျေးဇူး မှတ်တမ်းတင် လိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ မဂ္ဂဇင်းတွေမှာတောင် ခေတ်ပြိုင် ကဗျာရဲ့ လမ်းကြောင်းဟာ ပီပြင်မှု ရှိဖို့ ရာမှာတော့ လိုအပ်ချက်တွေ တွေ့မြင် နေရတုန်းပါပဲ။ အဆိုပါ မဂ္ဂဇင်းများက ခေတ်ပြိုင် ကဗျာ ဆိုင်ရာ လှုပ်ရှားမှု တွေ အပြင် သီးသန့် ထွက်ရှိ ထားတဲ့ ကဗျာ စာအုပ်များ၊ အွန်လိုင်း ကဗျာများအရ ခေတ်ပေါ် ကဗျာမဟုတ်တဲ့ ခေတ်ပြိုင် မြန်မာကဗျာရဲ့ အဖြစ်နိုင်ဆုံး မျိုးဆက်တွေကို ဆက် လက် တင်ပြ လိုပါတယ်။ အဖြစ်နိုင်ဆုံးလို့ ပြောရခြင်းကတော့ ဒီလို မျိုးဆက်တွေ ခွဲခြားပြတဲ့ နေရာမှာ ကွဲလွဲနိုင်/ငြင်းပယ်နိုင်တဲ့ နောက်ဆက်တွဲ အကြောင်း တရား တွေကို မြင်နေရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ နောက်ဆက်တွဲ နောက် ကိစ္စသာပါပဲ။ တတ်နိုင်သမျှ မေးမြန်း ညှိနှိုင်း ပြီး မျိုးဆက်တွေကို ချိတ်ဆက် ပြဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ အတိမ်း အစောင်း အနည်းငယ် မလွဲမသွေ ရှိနိုင်ပေမယ့် ခေတ်ပြိုင် မြန်မာ ကဗျာရဲ့ မျိုးဆက်ကို အကြမ်းဖျဉ်း လောက်ဖြစ်ဖြစ် လက်လှမ်း မှီသလောက် ထိစမ်း မှတ်တမ်းပြုလိုတဲ့ သဘောမျှသာပါပဲ။

ခေတ်ပြိုင်ကဗျာ ပထမ မျိုးဆက်အနေနဲ့ ဇေယျာလင်း၊ ငြိဏ်းဝေ၊ မိုးဝေး၊ ၀င်းမြင့်၊ ခင်အောင်အေး၊ လူဆန်း၊ မောင်ယုပိုင်၊ ငုအိမ် ထက်မြက်၊ သည်မော်နိုင်၊ မောင်ဒေး၊ အောင်ပြည့်စုံနဲ့ အခြား ကဗျာဆရာ အနည်းငယ် တွေ့ရပြီး ကာလ အပိုင်းအခြား အနေနဲ့ ၂၀၀၅ခုနှစ်လောက်ကနေ လက်ရှိ အချိန်ထိဖြစ်ပါတယ်။ ဒီခေတ်ပြိုင်ကဗျာ ပထမ မျိုးဆက်ဟာ မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင် ကဗျာလောကကို သြဇာ သက်ရောက်စွာ ဦးဆောင် ထား/နေတဲ့ ကဗျာရေးသူ အုပ်စုလည်း ဖြစ်သလို မူလ ခေတ်ပေါ် ကဗျာမှာ ကတည်းက အရည်အသွေး ကိုယ်စီရှိတဲ့ ကဗျာ ဆရာ အုပ်စုလည်း ဖြစ်နေပါတယ်။ ဒီ ပထမ မျိုးဆက်ထဲက ကဗျာဆရာ အများစု (ငြိဏ်းဝေ၊ သည်မော်နိုင်၊ ငုအိမ် ထက်မြက်နဲ့ အချို့က လွဲရင်) ဟာ ခေတ်ပြိုင်ကဗျာ အစကနဦး ကာလမှာ LP ကဗျာဆရာတွေလို့ သတ်မှတ် ခံခဲ့ကြရပြီး နောက်ပိုင်းမှာတော့ LPကဗျာ ဗဟိုပြုရေး ထက် ကဗျာ ဆိုင်ရာ သိမှု သယံဇာတ တွေကို လွတ်လပ်စွာ ဖော်ထုတ် လာရေးဆီ ဦးတည် လာတာ တွေ့ခဲ့ရပါတယ်။ ဒီမျိုးဆက်ထဲက တချို့ဟာ တစ်ကိုယ် တော်ကဗျာစာအုပ် များနဲ့ တွဲဖက် ရေးသားတဲ့ ကဗျာစာအုပ်များကို ထုတ်ဝေ ခဲ့ကြပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ သူတို့ရဲ့ ခေတ်ပြိုင် ကဗျာတွေဟာ မြန်မာ စာပေလောကမှာ ဝေဖန်မှု အများဆုံး ခံခဲ့ရပြီး သူတို့ထဲက အများစုရဲ့  ခေတ်ပြိုင် ကဗျာ လက်ရာ တွေဟာလည်း မဂ္ဂဇင်း စာမျက်နှာများ ထက်မှာ ယန့အထိ ဖော်ပြခံရမှု အရှိဆုံး ဖြစ်ခဲ့/ဖြစ်နေဆဲ ဆိုတာပါပဲ။

ခေတ်ပြိုင် ကဗျာ ဒုတိယ မျိုးဆက် ကိုတော့ Group နှစ်ခုခွဲပြီး တင်ပြရမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒုတိယ မျိုးဆက်ရဲ့ A Groupမှာ ပါဝင်တဲ့ ကဗျာ ရေးသူတွေဟာ ပထမ မျိုးဆက်နဲ့လည်း ကာလအပိုင်း အခြားအားဖြင့် နည်းနည်း အလှမ်းကွာနေပြီး B Groupမှာ ပါဝင် လာမယ့် ကဗျာ ရေးသူတွေနဲ့ လည်း အခိုက် အတန့် အဆက် ပြတ်နေတဲ့ သဘောကို တွေ့ရှိရလို့ပါပဲ။ ခေတ်ပြိုင် ကဗျာ ဒုတိယမျိုးဆက် ( A Group )မှာ PEMSKOOL .ORG၊ ကမ်းယံ၊ KZကေ၊ လွန်းဆက်နိုးမြတ်၊ မောင်ဖုန်းမြင့်၊ မြေမှုန်လွင်၊ Zephyr၊ တောကျောင်းဆရာ၊ ဆူးခက်မင်း၊ သုဏော် စိုင်း၊ ဏီအဲဝိုင်၊ XY နဲ့ အခြား ကဗျာဆရာ အနည်းငယ် ပါဝင်ကြပြီး ကာလအပိုင်း အခြားအားဖြင့် ၂၀၀၈ခုနှစ် အစောပိုင်းကနေ လက်ရှိ အချိန်ထိ ဖြစ်ပါတယ်။ ဒီခေတ်ပြိုင်ကဗျာ ဒုတိယ မျိုးဆက် (A Group) ဟာ ခေတ်ပြိုင် ကဗျာ ပထမ မျိုး ဆက် လောက် မြန်မာစာပေ လောကမှာ ဝေဖန်မှုသိပ် မခံရတော့ပေမယ့် သူတို့ရဲ့ အွန်လိုင်း ကဗျာစာပေ လှုပ်ရှားမှုတွေ၊ သူတို့ရဲ့ တရားဝင် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ တစ်ကိုယ်တော် ကဗျာ စာအုပ်များနဲ့ စုပေါင်း ကဗျာစာအုပ် တွေကတော့ မြန်မာ ကဗျာလောက ကို အထိုက် အလျောက် လှုပ်ခတ် စေခဲ့ပါတယ်။ ပထမ မျိုးဆက်လောက် မဂ္ဂဇင်းစာ မျက်နှာများပေါ် မရောက်ရှိခဲ့ပေမယ့် သူတို့ရဲ့ အရေး အသား တွေဟာ ခေတ်ပြိုင် ကဗျာ မျိုးဆက်သစ်တွေအတွက် ပြင်းထန်တဲ့ နှပ်ကြောင်းပေးမှု ကိုတော့ ပြုနိုင်ခဲ့တယ် ဆိုရမှာပါပဲ။ ဒုတိယ မျိုးဆက် (B Group) နဲ့ နှောင်း မျိုးဆက်တွေရဲ့ ခေတ်ပြိုင် ကဗျာ တရားလွန် ဖွံ့ဖြိုးမှုကို ကြည့်လိုက် ရင် ဒီအချက်ဟာ အင်မတန်မှကို သိသာ ထင်ရှားလှပါတယ်။ ဒါဟာ ဒုတိယမျိုးဆက်( A Group) ရဲ့  အရေးကြီးတဲ့ ထူးခြားချက်လို့ မြင်ပါ တယ်။

ခေတ်ပြိုင် ကဗျာ ဒုတိယ မျိုးဆက်ရဲ့ (B Group) မှာတော့ ဟံလင်း၊ ဇာတိ(အန္တိမ)၊ မောင်နေမြဲ၊ မောနွေ၊ ပန်းချီ၊ သကောင့်သား၊ ဖိုးခွား၊ NeLynn၊ ပန်ဒိုရာ၊ မယ်ယွေး၊ ချိုပိန်းနောင်၊ သောတ၊ လောက၊ ညီဇံလှ၊ ရင်ခွင်ရှိန်း၊ အေးချမ်း၊ စိမ်းခက်စိုး၊ ဇာတိ(ဖျာပုံ)၊ သူရဿဝါ၊ ဇောင်းလူ ၊ မောင်ရင်ညိုနဲ့ အခြား ကဗျာဆရာ တချို့ကို မြင်ပါတယ်။ ကာလအားဖြင့် ၂၀၁၀ အစောပိုင်း ၀န်းကျင်ကနေ လက်ရှိ အချိန်ထိ ဖြစ်ပါတယ်။ ခေတ်ပြိုင် ကဗျာ ဒုတိယ မျိုးဆက်(B Group)ရဲ့ နောက်ပိုင်းမှာ ခေတ်ပြိုင် ကဗျာရေးသားသူ တွေဟာ အပြတ်အလပ် မရှိတော့ဘဲ တစ်စပ်ဆက် တည်း စီးဆင်းလာတဲ့ သဘောကို တွေ့ရပါတယ်။ Xanthos၊ လင်းဇင်ယော်၊ တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ နေအေဒီ၊ မွန်းသူအိမ်၊ နေပိုင် စတဲ့ စတဲ့ မရေ မတွက်နိုင်တဲ့ ခေတ်ပြိုင် ကဗျာ(ဟန်)ရေးသား သူတွေကို အားရစရာ ကောင်းလောက်အောင် တွေ့လာရပါတယ်။ အချိန် ကာလအနေနဲ့ ၂၀၁၁-၂၀၁၂ ကနေ လက်ရှိ အချိန်ထိ ဖြစ်မယ် ထင်ပါတယ်။ သူတို့ထဲက တချို့ရဲ့ ခေတ်ပြိုင် ကဗျာ ရေးသက်ဟာ ဒုတိယမျိုး ဆက် (A Group)နဲ့ သိပ်မကွာ ခြားပေမယ့်လည်း သိသာ ထင်ရှားတဲ့ ကဗျာ လမ်းကြောင်းပေါ်ကို ရောက်ရှိချိန် အရ ဒုတိယမျိုးဆက် (B Group) ထဲ ရောက်ရှိ သွားတာ ဖြစ်ပါတယ်။ (ဥပမာ-ဇာတိ(အန္တိမ)၊ မောနွေ၊ ပန်းချီ၊ စသဖြင့်…)။ သူတို့ထဲက တချို့ကတော့ ခေတ်ပြိုင် ကဗျာ(ဟန်) ရေးသက် သိပ်မရှိ သေးပေမယ့်လည်း အပြတ်အလပ် မရှိ တစ်စပ်ဆက်တည်း စီးဆင်းလာတဲ့ သဘောအရ ခေတ်ပြိုင် ကဗျာ ဒုတိယမျိုးဆက်(B Group) ထဲ ရောက်ရှိ လာသူတွေ ဖြစ်နေပါတယ်။ (ဥပမာ- နေမြဲ၊ ချိုပိန်းနောင်၊ စသဖြင့်…)။ ခေတ်ပြိုင် ကဗျာ ဒုတိယ မျိုးဆက်(B Group) ရဲ့ နောက်ပိုင်း အတော်ကြာမှာ ရေးသား နေတဲ့ ရေးသား လာမယ့် ခေတ်ပြိုင် ကဗျာ ရေးသား သူတွေကိုတော့ မျိုးဆက်အရ ခွဲခြားပြဖို့ အတော်ရှုပ် ထွေးနိုင်ပါတယ်။ ဒါကြောင့် ခေတ်ပြိုင်ကဗျာ နှောင်းမျိုးဆက်လို့ပဲ အလွယ် တေးထား လိုက်ချင်ပါတယ်။ (ဥပမာ-တေးခက်၊ ဇက်ကကြိုး၊ မောင်မြတ်သူ၊ စသဖြင့်)။ ဒီလို သိမ်မွေ့ ရှုပ်ထွေးလွန်းတဲ့ အပြိုင် မျိုးဆက်တွေ တရစပ် စုပြုံ ထွန်းကား လာတာဟာ ခေတ်ပြိုင်ကဗျာ ဒုတိယမျိုး ဆက်(B Group) နဲ့ နှောင်း မျိုးဆက်တွေရဲ့ ထူးခြားချက် အဖြစ် မှတ်ယူရမယ် ထင်ပါတယ်။ သုံးသပ် လိုတာက သူတို့အများစုရဲ့ ခေတ်ပြိုင်ကဗျာ (ဟန်) အရေး အသား တွေဟာ ဖေ့စ်ဘွတ် စာမျက်နှာကိုသာ အဓိက ထားနေရတဲ့အတွက် လုံလောက်တဲ့ အခြေ ခိုင်မာမှု ရရှိဖို့တော့ လိုအပ်နေ သေးတယ်လို့ ယူဆမိ တာပါပဲ။

နောက်ဆုံး တင်ပြချင်တာက မဂ္ဂဇင်း စာမျက်နှာ များပေါ်မှာ ခေတ်ပေါ် ကဗျာ ခေါင်းစဉ် အောက်ကနေ ရေးသား နေပေမယ့်လည်း ခေတ်ပြိုင်ကဗျာ ဆီ ခြေလှမ်း စနေတဲ့ ကဗျာရေးသူ တချို့ရဲ့ အလားအလာ ဖြစ်ပါတယ်။ နာမည်တွေ ထုတ်နှုတ် ဖော်ပြ လိုပေမယ့်လည်း ခေတ်ပြိုင် ကဗျာ ကိစ္စမှာ မလို အပ်ဘဲ ရှုပ်ထွေးသွား/အငြင်းပွား သွားဖို့ပဲ ရှိတာကြောင့် မတင်ပြတော့ပါ။ အဲဒီ့ အစား ရယ်စရာ ကောင်းတဲ့ အခေါ်အဝေါ်တစ်ခု တွေးမိပါ တယ်။ တံဆိပ် ကပ်ခြင်း မဟုတ်ပါ။ ရယ်စရာလို့ပဲ သဘောထား ပေးစေချင်ပါတယ်။ မော်ဒန်ကဗျာမှာ အစဉ်အလာလည်း မကင်း မော်ဒန်လည်း မဖြစ်တဲ့ ကဗျာ တွေကို Semi-Modren သုံးနှုန်းခဲ့ ကြသလို တစ်ဝက် ခေတ်ပြိုင်ဆိုတဲ့ အခေါ်အဝေါ်ကို သုံးစွဲရမလို ဖြစ်နေပါတယ်။ ခေတ်ပေါ် အစွဲလည်း မကျွတ် ခေတ်ပြိုင် ဆီလည်း မရောက်တဲ့ အရေးအဖွဲ့ မျိုးတွေပါ။ ဘိုလိုတော့ Semi -Contemporary ခေါ်ရင် ရနိုင် မလားမသိပါ။ ပြောချင်တာက လက်ရှိ မဂ္ဂဇင်း စာမျက်နှာများ ပေါ်မှာ (အဲသလို ကဗျာတွေ)ကို အတွေ့ရ များလာလို့ပဲ ဖြစ်ပါတယ်။ ဒီကြားထဲ နီယို-မော်ဒန် ကလည်း ရှိနေ သေးပြန်ပါတယ်။ နီယို-မော်ဒန်ဟာ မူလ မော်ဒန်ကဗျာ(၀ါ)ခေတ်ပေါ် ကဗျာရဲ့ နောက်ဆက် တွဲလား။ အခြား ခေတ်ပြိုင်ကဗျာ ဗေဒ တစ်ခုလား ဆိုတာ လည်း ငြင်းခုန်စရာ ဖြစ်လာမယ်လို့ မြင်ပါတယ်။ ပြန်ကောက်ရရင် လက်ရှိ မဂ္ဂဇင်း စာမျက်နှာ ထက် မှာ ရေးသား နေကြတဲ့ ခေတ်ပေါ် ကဗျာ ရေးသူတွေအနေနဲ့ ခေတ်ပြိုင်ကို ဘယ်သူတွေ စိတ်ဝင်စားပြီး ဘယ် အချိန်မှာ လုံးလုံးလျားလျား ကူးပြောင်း ရေးသား လာကြ မလဲဆိုတာ အထူး တလည် စောင့်ကြည့်ရမယ့် သဘောဖြစ်နေပါတယ်။ သေချာတာက (အဲသလို ကဗျာတွေ) ရေးနေသူတွေဟာ ခေတ်ပေါ် ကဗျာရဲ့ ရေးသက် အတွေ့အကြုံနဲ့  ပေါင်းစပ်ပြီး ခေတ်ပြိုင် ကဗျာတွေကို အနှေးနဲ့ အမြန် လက်တွေ့ ရေးသားနိုင်လာမယ်လို့ ယူဆရပါကြောင်း။

လွန်းဆက်နိုးမြတ်
31.3.12
12:00နာရီ

(ဒီဆောင်းပါးအတွက် လိုအပ်တဲ့ အချက်အလက် တွေကို အပြုသဘော လမ်းညွှန် ပြသပေးကြတဲ့ ကဗျာဆရာ ဇေယျာလင်း၊ ကဗျာဆရာ ခင်အောင်အေး၊ ကဗျာဆရာ ငြိဏ်းဝေ၊ ကဗျာဆရာ လင်းရမ္မာနဲ့ ကဗျာဆရာ မောနွေတို့ကို ကျေးဇူး မှတ်တမ်း ပြုပါတယ်။ အထူး အားဖြင့် ခေတ်ပြိုင် ကဗျာ ဒုတိယမျိုးဆက်(A Group)နဲ့ သက်ဆိုင်တဲ့ အချက် အလက်တွေကို တာဝန်ယူ စုဆောင်းပေးတဲ့ ကဗျာဆရာ လင်းရမ္မာကို အထူး အထူး ကျေးဇူးတင်ရပါတယ်။)

(၂၀၁၂၊မတ်၂၁မှာ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ကို ရည်ရွယ်ရေးသားပါတယ်)

9 Comments

Filed under ကဗျာ, ဆောင်းပါး

နေရာတကာဟာ သူ့ပတ်လမ်းအတိုင်း

Racconto Materials: mixed media on canvas Dimensions by Luigi Malice.

_______________________________________________________________________
ဟောဒီပေါင်တံရှည်မတွေနဲ့ တည်ဆောက်ထားတဲ့ မှောင်မိုက်လမ်းကြားကလေးတွေဟာ
ညစ်ပေစွန်းထင်းခြင်းကနေ ကြီးထွားလာကြပြီး
ခက်ခက်ခဲခဲ သင်ယူစရာမလိုတဲ့ အရာတစ်ခုအဖြစ်ကို ရောက်ရှိလာကြတယ်
အနာဂါတ်နဲ့ အဆင်မပြေတဲ့ကြားကပဲ
အဲဒီလမ်းကြိုလမ်းကြားတွေဟာ အယူအဆတစ်ခုခုကို စစ်ယူ၊ ငင်ယူ၊ ငှဲ့ယူ၊ ပြုပြင်လိုက်တာ
လူသားဟာ စိုးထိတ်စိတ် ဥပမာအားဖြင့်
ဒါလည်း ဒါဟာ အများဆိုင်ထဲက ဆွဲယူမှုတစ်ခု မဟုတ်လား
ဒီလမ်းကြိုလမ်းကြားတွေပေါ် ရှင်သန်ဆွဲငင်အူမြူးနေကြတာက
မြေကြီးရဲ့ အတွင်းသားကမ်းပါးတစ်ခုက ပဲ့ကိုင်လှိုက်စားမိတဲ့အထိ
ပြီးတော့ လှည့်စားမှုနဲ့ ရှေ့ခရီးရဲ့
ကြိုးကြားတွေနဲ့ အဖျားရှူးသွားတဲ့ ရွက်နုတွေဆီ
နောက်ကျွမ်းထိုးထွက်သွားခဲ့တာပ
အေးစက်အက်ကွဲ စိမ့်ကျယိုစီးလို့
နောက်ဆုံး အဲ့ဒီ သဝန်တိုတုတ်မှုဟာ
အရာရာကို ခွင့်လွှတ်ပြသူတစ်ယောက်ရဲ့ အချစ်လို မိတ်ကပ်လိမ်းပြီးတဲ့အထိ
အဲဒီအချိန်မှာ နာမ်စားတစ်ခုနဲ့
နာမ်စားတစ်ခုက ထိရှလို့မရတော့သလို ကျန်ရစ်လို့
မွန်းတည့်မှုရဲ့ ဒီဂရီဟာ လွင်တီးခေါင်လို ခံစားချက်မျိုး
ဒါကို အချက်ပေးဥသြသံအဖြစ်ကနေ သင်ကြားမှုအဖြစ်
သူများတွေကတော့ မလုပ်ဝံ့ မခံသာ စားရင်းရဲ့ အကြွေးဘက်
တက်တက်စင် ပါခဲ့ကြပြီ
ညရဲ့တာဝန်ဟာ တိတ်ဆိတ်မှုကို ကျမကွဲဖို့ ဆိုတာလောက်တော့
သင်ချိန်ရွယ်ထားတဲ့ ကစားနည်းထဲကလို ဖန်တီးယူပြနိုင်တာပဲ
ကုန်လွယ်သူ မဟုတ်သလို ယုံလွယ်သူ မဟုတ်ပြီ
အာလုံးကိုယ်စား တာဝန်ရဲ့တစ်ဖက်မှာ ကိုယ်တိုင်ထွက်ရပ်ကြည့်တဲ့အခါ
သင်ဟာ အရာခပ်သိမ်းရဲ့ အစီအစဉ်ကို မကျမန လျစ်လျှူရှုရန်လိုကြောင်း
အစီအစဉ်အရကတော့
မြို့ခေါင်ခေါင်ထဲ သင်ဟာ ထိုးထွင်းရှင်သန်ကြည့်ဖို့
သို့တည်း တောစွယ်ငေါငေါထဲ မတ်မတ်ရပ်နိုင်ဖို့
နီးစပ်မှုဟာ သင်နဲ့ငါကို တွန်းကန်စေမယ့် မှော်ပဉ္စလက်
အထိတ်တလန့်နဲ့ လမ်းကြိုလမ်းကြားတွေထဲ ပြန်တွန်းထုတ်လိုက်တဲ့ ပင့်သက်
ရှူနေကျလေဟာ ကလေးငယ်တစ်ယောက်ရဲ့ ပင်လယ်ထဲ မြှုပ်ထားတဲ့ ရတနာသိုက်
ဒါပေမယ့် မနက်ဖြန်ဟာ အခုရောက်ရှိလာပါပြီ
ကိုယ်ရေးကိုယ်တာထက် ကဗျာရေးကဗျာတာစီမံချက်ဆိုတာ
အဆိုးဝါးဆုံး အခြေအနေမှာတောင်
ပေါင်တံရှည်မတွေ ဟပ်ထိုးရယ်ကြရုံလောက်သာပဲ မဟုတ်လား
သင်ဟာ အဲ့ဒီလို ပျော်ရွှင်တတ်မယ်ဆိုတာကို သိပြီးသားဆိုတာ
သင့်ယုတ္တိဗေဒထဲ ဘယ်ရာသီဥတုမှ လှည့်စားမရသလိုပဲပေါ့
တလှည့်စီ မှောင်လိုက် လင်းလိုက်
လမ်းကြားတွေဟာ ဖာသိဖာသာ မျက်လုံးတွေနဲ့ ကြည့်ရင်
တစ်ခုခုကနေ တစ်ယောက်ယောက်ဖြစ်စေနိုင်သလို
စွမ်းအင်အားလုံးရဲ့ မျှခြေဟာ အတွေးရဲ့ နက်ကျောလှပမှုထဲ
စီးဝင်အေးခဲခဲ့ပြီးတော့
အမှတ်ရမှုရဲ့ လေဟာနယ်ထဲ စံပယ်တွေ ဆိတ်ငြိမ်နေသလို
၎င်းတို့ နားမလည်မှုအပေါ် နေရောင်ဟာ အစိပ်စိပ် အမွှာမွှာ
ကွဲလောင်မှိန်ဖျော့သွားတယ်။

သိုးထိန်း (အန္တိမ)
စာကိုး။ ။ John Ashbery ၏ These Lacustrine Cities (ဇေယျာလင်း ဘာသာပြန်) ကို intertextualize လုပ်ပါသည်။

Leave a comment

Filed under ကဗျာ

ရှော့-ရှော့-စတိုရီ ခေါင်းကြီး

_______________________________________________________________________

လေးဘီးသည် ဆီစားသောကြောင့်၊ မစားသော်လည်း စပိဒ် အရှိန်နှင့် နှစ်ဆ နှေးသောကြောင့် မူလ မှတ်စုရပ်မှ သစ်ပင်အရိပ် ပေါများရာ တကသ၀ိုင်းသို့ တာဝန်နှင့် အက်သစ်အရ အသွား၊ ပြီးတော့ အပြန်။ ထိုမှ ထပ်ဆင့် ပေါင်းသော် သစ်ပင် နည်းပါးကျဲပါး (NOKA) နိုကာ စခန်းသို့။ ထိုအခါ စက်ဝန်းကို ထက်ဝက်ခြမ်း သကဲ့သို့ ခရီးစဉ် နှစ်ဆ ဖြစ်ပေရာ နှစ်ပိုင်း စဉ်းစားသော် ရ၏။

မည်သို့ပင်ဖြစ်စေ ဒိုမက်စတစ် အိမ်တွင်း ငြီးငွေ့မှု ပျောက်ရန်မှာ အပြင်ထွက်ဖို့ လိုအပ်သည်ကို လက်ခံ၏။ ခြိမ်းခြောက် စိန်ခေါ်မှုမှာ လောင်စာဆီ အတွက် သင့်ငွေ စရိတ် ဘက်ဂျက် ဖြစ်၏။ ၄င်း မတတ်နိုင် ကြသဖြင့် ဘိဓမ္မာ(ခေါ်) ဘိရုမာ လူမျိုးတို့ကား ခရီးဝေးဝေး မသွား နိုင်ကြ။ ယေဘုယျ အားဖြင့် မသွားနိုင်ခြင်းကို ဆိုလိုသော်လည်း ချွင်းချက် အားဖြင့် ပတ္တရား၊ ဖူးခက် ကမ်းခြေတို့လောက် တော့ဖြင့် အမွေ ရသဖြင့်၎င်း၊ ကံစမ်းမဲ ပေါက်၍၄င်း၊ ဆုချခြင်း ခံရ၍၄င်း၊ စသဖြင့် အကြောင်းစုံ ရောက်ကြ ရလေ၏။ ယမန် နှစ်တွင် ယခင် ဘန်ကောက်မှာ ယခု ဗင်းနစ် ဖြဖစ်သွားသဖြင့် ရှောင်ကြသည်။ ရွှေ့ပြောင်း အခြေချ များလည်း ပြန်လည် ၀င်ရောက် လာကြသည်။ အမေ့အိမ် သီချင်းကို ဆိုကာ တွံ့တေးသိန်းတန် တို့ဖြင့် ကသော ခိုင်းနွား လော်စပီကာ နေရောင် တောက်တောက် အောက်တွင် ဦးပိုင် ဘီယာနှင့် စီးကရက် မြုံ့ကာ မဟာချိုင် စက်မှုဇုန် အလွမ်းပြေ ညနေ ငေးရီရင်း။ မီးခွက်မှုတ် အိပ်ယာ ၀င်ကြသည်။

ဒီလောက်လည်း မဟုတ်သေးပါ။ ဒီဇယ်မီးဖြင့် တီဗီကြည့်၊ ဆိုင်ကယ်စီး၊ မြို့ရိုး ကိုးပေါက် သွားစရာမှာ ဟိုမှာ ဒီမှာ ရွာဝင် ရွာထွက်တွင် ဂိတ်ဆုံး လေသဖြင့် မကျေမနပ်၊ ဦးထုတ် ဟဲလမတ် မဆောင်း လီဗာကုန် ဆွဲပြီး ကုန်တင် ဆယ်ဘီး ကားအောက်၊ သုံးယောက် လေးယောက် တစ်ယောက် တစ်စီး `ခါမီခါဇ-ခါတော်မီမီ´ သေပွဲဝင်လျက် အရွယ်ကောင်းတုန်း အရှင်ထွက် ထွက်ကျလျှက် နတ်စင်ကုန်း ညောင်ပင် အောက်မှာ နတ် အမျိုးအမည် တိုးပွား၊ ရပ်ကို ရွာကို မိကို ဖကို စောင့်ရှောက် ကြလေ၏။

တတိယမြောက် ဘောင်းဘီ အသစ်ချွတ် ဂွဒ်ဂါးဘားမင့်သည် မြစ်ဆုံကို တရုတ်တို့ လက်မှ ပြန်ယူ၏။ နှစ်လုံး၊ သုံးလုံး အဖမ်းပြ၏။ ငွေအသေး ချေးပေး၏။ အညောင်း အညာပြေ အနှိပ်ခန်း၊ အနှိပ်အိမ် ကိုလည်း နှိပ်ကွပ်၏။ လူအို လူဟောင်း တို့အား မလဲလှယ် သေးသော်လည်း ယာဉ်အို ယာဉ်ဟောင်း တို့ကို လဲလှည်စေ၏။ ပြည်ပ ကုန်သည်ပွဲစား အရင်းအနှီး စီးပွားရှင် တို့ကိုလည်း ဖိတ်ခေါ် ဆွေးနွေးပြသ၏။ `ပြုသူ လူထီ´ ခေါ် ပြည်သူ (ပြည်သား ယောကျာင်္းတွေမပါ) နှင့် လူထု(မန္တလေးက စာအုပ်တိုက်တို့မှာ) ၀မ်းနည်း ရမှာလား ၀မ်းသာ ရမှာလား မိသိန်းကြည်ဟု မထွေးနိုင် မအန်နိုင်၊ အိုဇုံး ပေါက် ငဇင်ရိုင်းတို့နှယ် အုပ်လိုက် အုပ်လိုက် မူးဝေ အော့အန်ကာ ရေပေါ် ပေါလော ပေါ်ကုန်ကြ၏။

မပြီး သေးချေ။ ဘော် ငွေရောင် ပိတ်ကားပေါ် ဆက်လက် တစ်စောင့်တည်း တစ်မျှော် တည်း ပြောစရာ ဆိုစရာနှင့် ပြောရန် ဆိုရန်တို့ ရှိလာကြပြီး၊ ပြောပိုင်ခွင့် ဆိုပိုင်ခွင့် ရှိလေပြီလား မပြောတတ်။ ဒီလို ပြောကြည့် ဆိုကြည့်မိ၏။ ဘာမှ မဖြစ်လျှင် ဘာမှ မဖြစ်သေး။ တစ်ခုခု ဖြစ်လျှင် တစ်ခုခု ဖြစ်သွားပေ မည်ဟု စစ်ဖိနပ်ပေါ်မှာ ကတည်းက၊ ဘေးမှာ ကတည်းက၊ ယှဉ်၍ ကတည်းက ပြောနေ ဆိုနေကြ အတိုင်း တစ်မူမထူး ခြားနားစွာ ရေးသား ပြောဆို လိုက်မိ ပေသည်။

ရေးသူ- လူဆန်း
နိုဝင်ဘာ- ၂၀၁၁။

Leave a comment

Filed under အရေးအသား