Monthly Archives: August 2009

ဇေယျာလင်း ရဲ့ တကယ့်ဘဝ

zyl

ဒီရက်ပိုင်းမှာ ကဗျာစာအုပ်တွေအကြောင်း ပြောလက်စနဲ့ ဆက်ပြောလိုက်ပါမယ်။
ဇေယျာလင်းရဲ့ တကယ့်ဘ၀ဆိုတဲ့ စာအုပ်တစ်အုပ်အကြောင်းပဲဖြစ်ပါတယ်။
စကားပြေကဗျာများလို့ အမည်တပ်ထားတဲ့ ဇေယျာလင်းရဲ့ ကဗျာတွေဟာ
အရင်ကဗျာစာအုပ်တွေမှာ တွေ့နေကျ ကဗျာတွေထက်
အနည်းငယ် အပြောင်းအလဲဖြစ်စေမှာတော့ အမှန်ပါပဲ။ ဒီကဗျာစာအုပ်ဟာ ဇေယျာလင်းကို
လက်ခံတဲ့ ပရိသတ်တွေအတွက်တော့ အဆာပြေစားစရာတစ်ခု ဖြစ်မှာပါ။
စကားပြေကဗျာတွေနဲ့ပတ်ပြီး စာအုပ်နောက်ကျောဖုံးမှာ ရှင်းလင်းချက်ထုတ်ထားခဲ့တာကတော့ …

– စကားပြေကဗျာ Prose Poem ဟာ တော်တော်ဂွကျတဲ့ စာပေအနုပညာ ပစ္စည်းတစ်ခု
ဖြစ်ပါတယ်။ ဘာကြောင့် ဂွကျလဲဆိုတော့ ဒီပစ္စည်းဟာ စကားပြေအရေးအသားမျိုးဖြစ်ပေမယ့်
ကဗျာအမျိုးအစားထဲ ပါဝင်နေလို့ပါပဲ။

– စကားပြေကဗျာကိစ္စဟာ စာပေအနုပညာဆိုင်ရာ ပြဿနာတစ်ခုလို
စာပေအနုပညာပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။

– စကားပြေကဗျာဟာ ကမ္ဘာပေါ်မှာ တရားဝင်ပေါ်လာတာ ၁၉ရာစု ကလို့ဆိုပါတယ်။

– စကားပြေကဗျာဟာ စကားပြေလား၊ ကဗျာလား။ စကားပြေလို့ သတ်မှတ်ကြသူတွေရှိသလို
ကဗျာလို့သတ်မှတ်သူတွေလည်း ရှိပါတယ်။ ဒီနှစ်ခုလုံးမဟုတ်ဘဲ သီးခြားအမျိုးအစားလို့
ပြောသူတွေလည်း ရှိပါတယ်။

– စကားပြေကဗျာဟာ ဖတ်သူရဲ့ စကားပြေပေါ်အမြင်နဲ့ ကဗျာအပေါ်အမြင် နှစ်ခုစလုံးကို
ပြန်သုံးသပ်စေပါတယ်။ စကားပြေကဗျာရဲ့ သဘောသဘာဝနဲ့ လုပ်ငန်းတာဝန်တွေအပြင်
စကားပြောနဲ့ကဗျာ စည်းတားခွဲခြားထားတဲ့ နယ်ခြားမျဉ်းရဲ့ သဘောသဘာဝနဲ့
လုပ်ငန်းတာဝန်တွေကိုပါ ပြန်လည်လေ့လာအကဲဖြစ်စေပါတယ်။

အမှာစာ မပါတဲ့ ဒီကဗျာစာအုပ်မှာ ပါမယ့် စကာပြေကဗျာတွေအကြောင်းဟာ
အပေါ်ကဖွင့်ဆိုချက်တွေနဲ့ လုံလောက်နိုင်စရာရှိပါတယ်။ ကိုမိုးဆတ်ရဲ့ပြောစကားအရဆိုရင်
ကဗျာတွေအားလုံးကို ဇေယျာလင်းစီမံတာဖြစ်တဲ့အတွက် ဇေယျာလင်းစံတော့မီပါတယ်။
တစ်ချို့ကဗျာတွေဟာ အင်္ဂလိပ်ကနေ မြန်မာလိုကို ဘာသာပြန်ထားတဲ့ ပုံစံမျိုးတွေ့ပါတယ်။
ဒီလိုပါ။ အင်္ဂလိပ်လို အရင်ချရေးထားခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကို နောက်ပိုင်းရောက်တဲ့အချိန်မှ
မြန်မာလိုပြန်ဆိုပြင်ရေးလိုက်တဲ့ ပုံစံမျိုးပါ။ ကျွန်တော်ရဲ့ ထင်မြင်ယူဆချက်ဖြစ်တာမို့
ဒီအဆိုပြုချက်ဟာ လွဲချင်လည်း လွဲနိုင်ပါတယ်။ ဒီစာအုပ်မှာ စကားပြောကဗျာ ၇ ပုဒ်ပါခဲ့ပါတယ်။

၁) ဒီစာကိုဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာ မဟုတ်ဘူး
၂) ကျွန်တော် ခင်ဗျားရဲ့ လေဟာနယ် နည်းနည်းယူမယ်နော်
၃) နယ်နိမိတ်များကိုလေ့လာခြင်း
၎) မြင်ကွင်းတွေမှာ မြူလိုလိုမျိုး
၅) ခံစားမှု ရုန်းကြွအနေအထားများ
၆) သဘာဝဆိုတာလည်းမကျ၊ အဓိပ္ပာယ်ဆိုတာလည်းမရှိ
၇) ဟုတ်တိုင်းမှန်စွာ တိတိကျကျတစ်ပြားမလျော့

ကဗျာတွေကို မဖတ်ခင်မှာ စာအုပ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ တကယ့်ဘ၀ ဆိုတာကို
သတိရနေဖို့ လိုအပ်မယ် ထင်ပါတယ် ။ ဇေယျာလင်းရဲ့ တကယ့်ဘ၀လား။
ဘာရဲ့ တကယ့်ဘ၀လဲ။ ဆိုကြပါစို့ဗျာ။ သူကဗျာတွေဖတ်ကြည့်ခဲ့ပြီး ဒီလိုပြန်တွေးကြည့်တယ်။
ဒါဟာ ကျွန်တော့်ရဲ့ တသီးပုဂ္ဂလ ခံစားကူးယှက်မှုတစ်ခုသာဖြစ်ပါတယ်။

ဘ၀ဟာ ထိုးဇာတ်လောက်တိကျခဲ့ရင် ခင်ဗျားနဲ့ ကျွန်တော်ဟာ ကဗျာတစ်ပုဒ်ထဲ
ရေဆင်းချိုးဖြစ်ချင်မှ ကူးဖြစ်မှာ (စာ ၇)၊ ကျွန်တော်ဟာ ထိုးဇာတ်မဟုတ်ပါဘူးဆိုတာကို
ဘယ်လို အယူခံဝင်ရမလဲ။ ကျွန်တော်သားစပ်ပြရမလား။ (စာ ၁၃)

သံသယ သံသရာ (စာ ၉)၊ ချစ်ဇနီးအပေါ် သစ္စာရှိမှုနဲ့ မိန်းမလှတွေရဲ့ ရင်ခွင်ထဲမှာ
တရှုံရှုံမျက်ရည်ကျနေခိုက် သူမဟာ ချစ်လင်ပြန်မလာမချင်း အိပ်မက်တွေတစ်နေကုန်ယက်။
တစ်ညလုံးပြန်ဖြည်။ နောက်နေ့ပြန်ယက်။ သံသယတန်ကျင်ကို ပျာယိပျာယာ သာယာရ (စာ ၁၅)

‘ဘယ်သူ့အတွက်”မှန်ကန်’တာလဲ။ (စာ ၁၂)၊ အဲဒီမှန်ကန်ကြီးထဲက ဖြတ်သန်းလာတဲ့နေရောင်ကို
ခင်ဗျားလည်း ပိုင်တယ်(စာ ၁၃)၊ ခင်ဗျားရဲ့ ကိုယ်ပိုင်ကြည်လင်ပြတ်သားနေတဲ့ ကန်ရေပြင်ထဲ
ဘာသာပြန်ထားတဲ့အမှန်တရားကို ပြန်ဘာသာပြန်ရတဲ့ အခက်အခဲပြဿနာဖြေရှင်းရာမှာ
တုန့်ကနဲ ရပ်သွားတယ်မဟုတ်လား။ စာ(၁၈)

ကျွန်တော်ပြောနေတာ မဟုတ်ဘူးဆိုတာကိုတော့ ခင်ဗျားလက်ခံရမယ်နော်။ နားမလည်ရင်နေ
လက်တော့ခံရမယ်နော်။(စာ ၁၂) ကျွန်တော့်တာဝန်ဟာ ရေးမှတ်ဖို့ တစ်ခုတည်း။ အစစ်အမှန်ပြုဖို့
မဟုတ်ဘူးဆိုတာ ခင်ဗျားလည်းသဘောပေါက်ပြီးရောပေါ့။ (စာ ၁၉)၊ ကျွန်တော်တို့ မှတ်တမ်းများအရ
ပြန်ကောက်ရရင် ‘ကြံရည် ဖန်ရည် ရှိသလောက် ‘ အပြန်အလှန် နားမလည်မှုကို နောက်ဆုံးပေါ်
အခြေအနေရောက်အောင် တမင်တကာရည်ရွယ်ထားတဲ့ ပုံဖော်မှားယွင်းပြုလုပ်ချက်မှာ
စတင်တွေ့ရှိရတယ်။ ဘာသာစကားအားဖြင့် ဖွင့်ဟပြောဆိုခြင်းဆိုရာ ရှုပ်ထွေးနက်နဲတဲ့
ကြိုးစားအားထုတ်မှုတွေဟာ ဆိုးဝါးတဲ့ထောင်ချောက်တွေ ဖြစ်သွားကြတယ်။
ဒါပေမယ့် မရှိတော့တဲ့ သို့မဟုတ် စကတည်းက မရှိခဲ့ဘူးတဲ့ အရာကို ပုံမှန်လုပ်လက်စ
လုပ်စမြဲလုပ်ဖို့ ခင်ဗျားဖြစ်ဖြစ်၊ ဘယ်သူဘယ်ဝါဖြစ်ဖြစ် လုပ်နိုင်ပါ့မလား(စာ ၂၆၊ ၂၇)

အပေါ်က အချက်က လေးချက်ဟာ ကဗျာတစ်ပုဒ်မှာပါတဲ့ အကြောင်းအရာတစ်ခုကို
နောက်ထက်ကဗျာတစ်ပုဒ်မှာ ဆန့်ကျင်ဖက်(သို့မဟုတ်) အပြိုင်အနေဖြင့် ရှိနေခဲ့တဲ့
အကြောင်းအရာတွေကို ဥပမာအနေနဲ့ ဆွဲထုတ်စုစည်းကြည့်ခြင်းဖြစ်ပါတယ်။
ဒီလိုလုပ်ကြည့်ရတဲ့ အကြောင်းအရင်းကတော့ ကဗျာတွေဟာ တစ်ပုဒ်နဲ့တစ်ပုဒ်
တွန်းကန်နေခဲ့တာ၊ ကဗျာတစ်ပုဒ်မှပါတဲ့ စကားလုံးတစ်ခု နောက်ထပ်ကဗျာတစ်ပုဒ်မှာ
ရှိနေတဲ့ စကားလုံးတစ်ခုကို လှမ်းချိတ်ဆက်လိုက်တာ၊ ကဗျာတစ်ပုဒ်မှာပါတဲ့
အဆိုပြုချက်တစ်ခုကို နောက်ကဗျာတစ်ပုဒ်မှာ ငြင်းချက်ပြန်ထုတ်လိုက်တာ၊ ဆန့်ကျင်
လိုက်တာ ဒါတွေဟာ စိတ်ဝင်စားစရာ ကောင်းနေတဲ့အတွက်ပါ။

ဒါဟာလိုအပ်သလားလို့ မေးလာရင် သိပ်တော့မလိုအပ်ပါဘူး။ ကဗျာတွေဖတ်ကြည့်မယ်။
စကားလုံးတွေနောက်လိုက်သွားကြည့်မယ်။ နောက် ထပ်ဆင့်ကွန့်မြူးတွေးတောကြည့်မယ်။
ဒီလောက်နဲ့ ရပ်ထားရင်လည်းရပါတယ်။ စကားပြေ ကဗျာတွေဟာ ဖတ်သူရဲ့ စကားပြေပေါ်
အမြင်နဲ့ ကဗျာအပေါ်အမြင်တွေကို ပြန်သုံးသပ်စေပါတယ်လို့ ဆိုခဲ့တယ်မဟုတ်လား။
ကျွန်တော်လုပ်ဆောင်ကြည့်ခဲ့မိတာကတော့ ဇေယျာလင်းရဲ့ စကားပြောကဗျာတွေဟာ
ဇေယျာလင်းရဲ့ တကယ့်ဘ၀ကို ရည်ညွှန်းခြင်းပြု၊ မပြု ဆိုတာကိုဖြစ်ပါတယ်။

ဇေယျာလင်းရဲ့ စကားပြေကဗျာတွေဟာ ယိမ်းထိုးနေပါတယ်။ ခိုင်မာတဲ့ ဦးတည်ချက်
မရှိဘူးလို့ ပြောရင်လည်းရပါတယ်။ ဝေေ၀၀ါးဝါးနဲ့။ အဆုံးသတ်ဟာ အဆုံးသတ်မဟုတ်သလို၊
မျက်နှာစာသစ်ဖွင့်ပြီး အရှိတရားကိုပဲ နင်းပြောနေသလို။ မသေချာ မရေမရာမှုတွေနဲ့။
ပိုင်နိုင်သလိုလိုနဲ့ မပိုင်နိုင်တာတွေ၊ ရုန်းထွက်မလိုလိုနဲ့ တ၀ဲလည်လည်ဖြစ်နေတာတွေ၊
ပြင်ပရောက်မလိုလိုနဲ့ အတွင်းမှာပဲ ပြန်ပျော်ဝင်သွားတာတွေနဲ့ ပြည့်နှက်နေတာပါပဲ။
ဒါဟာလည်း သိပ်တော့မဆန်းပါဘူး။ ခေတ်ပေါ်အနုပညာလက်ရာတိုင်း ဒီလိုကြီးပါပဲ။
ခေတ်ကိုက ယိမ်းထိုးနေတဲ့အတွက် အနုပညာစိတ်(နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ)နဲ့
ရှင်သန်တွေရဲ့ ရပ်တည်မှု၊ ခံစားချက်တွေဟာလည်း ခေတ်နဲ့လိုက်ပြီး ယိမ်းထိုးနေမှာအမှန်ပါပဲ။
စကားပြေကဗျာတွေကို ဖန်တီးရေးသားပြခဲ့ခြင်းဟာ ဇေယျာလင်းကို ဘာမှတော့
ပြောင်းလဲမသွားစေပါဘူး။ အရင်ဇေယျာလင်းနဲ့ အခုဇေယျာလင်းဟာ အတူတူပါပဲ။
အသစ်ဖြစ်သလားလို့မေးရင် အသစ်တော့ မဖြစ်ပါဘူး။

ဆိုလိုချင်တာက။ ၀က်သားဟင်းစားရတာအီလာလို့ ကြက်သားဟင်း ပြောင်းစားပေမယ့်
အသားစားတာဟာ အသားစားတာပဲ ဖြစ်တယ်ဆိုတဲ့သဘောပါ။ အသစ်ဖန်တီးမှုတွေကို
ငတ်မွတ်နေတဲ့သူတွေအတွက်ရော ဇေယျာလင်းရဲ့ ပရိသတ်တွေအတွက်ရော
တကယ့်ဘ၀ စကားပြေကဗျာတွေဟာ အဆာပြေစားစရာတစ်ခု ဖြစ်စေခဲ့တာ အမှန်ပါပဲ။
ဇေယျာလင်းရဲ့ စကားပြေကဗျာတစ်ပုဒ်ကို မြည်စမ်းကြည့်တာပေါ့။

ဒီစာကို ဖတ်ပြီးရင် မနက်ဖြန်ကို မှတ်မိမှာမဟုတ်ဘူး။ စာမျက်နှာ လှန်နိုင်သေးလား။
အိပ်ခန်းထဲ ငါးသွားမျှားတာကပဲ ပိုကောင်းမလို။ သိပ်ပြီးအရိပ်ဆန်တာတော့ မဟုတ်ခဲ့သလိုပဲလို့
နောက်ကွယ်ကြိုးဆွဲက မင်းသမီးရုပ်သေးရုပ်နဲ့ ပြည့်ဝစွာပန်းဆွတ်ပြီး ဇိမ်ညည်းညည်းတယ်။
ပညာရေး အဲတာက အဓိက။ မသေမချင်း သင်ယူစရာ တစ်ပုံကြီးရှိနေသေးတော့
ဘယ်သူဟာ တက္ကသိုလ်ဘွဲ့ရလဲ။ ဘ၀ဟာ ထိုးဇာတ်လောက်တိကျခဲ့ရင် ခင်ဗျားနဲ့ ကျွန်တော်ဟာ
ကဗျာတစ်ပုဒ်ထဲ ရေဆင်းချိုးဖြစ်ချင်မှ ကူးဖြစ်မှာ။ မာယာအများဆုံး၊ အသေးစိတ်အတိကျဆုံး
ဇာတ်ကျောပဟေဋ္ဌိဖွဲ့သူနဲ့ စိတ်ချင်းစီးချင်းထိုးရတာဟာ တောင်ထိပ်ကိုရောက်ပြီး
တောင်ကို မမြင်ရသလိုပဲ။ ပြင်သစ်တစ်ယောက်ပြောဖူးတာကတော့ သူဟာ အဆုံးမဲ့နောက်ကြောင်း
ပြန်ခြင်းနဲ့ အဆုံးမဲ့ရှေ့တိုးနေခြင်းရဲ့ မြေဇာပဲတဲ့။ ၀ံပုလွေများ၊ နှင်းခဲများ၊ ပင်ပန်းဒုက္ခစိုက်ရခြင်းများရဲ့
ဖခင်ဂျက်လန်ဒန်ဘာပြောဦးမလဲ မသိဘူး။ လူတစ်ယောက်ရဲ့ ရေးဟန်ဟာ အမြဲတမ်း
အသားတက်ဖို့ လိုနေတယ်။ အသံမဲ့သူများကို အသံပေးရမှာ။ ကိုယ်စားအသံဟာ ကြာလာတော့
ကာယကံရှင်ကို ၀တ္တုလုပ်ပစ်တယ်လို့ ၁၅ရာစုက မထင်မရှားကိုးကွယ်မှုရဲ့ ဘုန်းကြီးတစ်ပါး
မှတ်သားမိတာကို ဘယ်မှာတွေ့ခဲ့မှန်းမသိဘူး။ ဒီအကြောင်းကို တစ်နေ့ကဘဲ ကျွန်တော်သူ့ကို
ပြောခဲ့တယ်။ အသိသက်သေတော့ မရှိဘူးပေါ့။ ဒါပေမယ့် အချက်အလက်စုဆောင်းခြင်း ၊
အရာရာတန်ဖိုးဖြတ်ချင်းထဲမှာ မိမိကိုယ်ကို ဖြတ်တိုက်သွားတဲ့ လေပြည်ဘယ်နှစ်အောင်စပါသလဲ။
နေ့စဉ်ဘ၀ရဲ့ အစွယ်ဖွေးဖွေးကြီးတွေ၊ အမွှေးထူထူကြမ်း ကြမ်းကြီးတွေရဲ့ မျက်လုံး။
ဘာသာစကားဟာ သင်ခန်းစာကိုဖြတ်ပြီး အတွေ့အကြုံကိုရောက်တယ်။ သင်ခန်းစာဟာ
အတွေ့အကြုံကိုဖြတ်ပြီး ဘာသာစကားကိုရောက်တယ်။ အတွေ့အကြုံဟာ
ဘာသာစကားကိုဖြတ်ပြီး သင်ခန်းစာကိုရောက်တယ်။ ဒါပေမယ့် ကျွန်တော်စကားစ ပြန်ကောက်
ပါရစေ။ ခရမ်းချဉ်သီးနီနီတစ်လုံးကို ကျွန်တော့်ပါးစပ်ထဲထည့်ပြီး ကိုက်ပစ်လိုက်တာ
‘ဗျစ်’ ခနဲပဲ။ ခရမ်းချဉ်သီးရဲ့ ချက်ကြိုးဟာ ကျွန်တော့်ကို ‘တကယ့်ဘ၀’ အကြောင်း မပြောဘူး။
တစ်ကမ္ဘာလုံးမှာ သူတစ်အုပ်ထဲရှိ၊ လူတိုင်းလည်း လက်လှမ်းမီနိုင်ပြီး လိုအပ်သမျှအဖြေပါတဲ့
စာအုပ်ထဲမှာ ကျွန်တော်မတွေ့တာ နှစ်ခုပျမ်းမျှရှိတယ်။ (၁) ခင်ဗျားရဲ့ စိတ် (၂) ခင်ဗျားရဲ့စိတ်နဲ့
ဖုံးထားတဲ့ ခင်ဗျားရဲ့ စိတ် (၃) ခင်ဗျားရဲ့ စိတ်ဟာ ခင်ဗျားကို သိ၊ မသိ။ ‘ကျွန်မရဲ့ အဖြစ်အပျက်
အားလုံး၊ ခံစားမှုအားလုံး၊ ဆက်စပ်မှုအားလုံး၊ အဓိပ္ပာယ် ပဋိပက္ခအားလုံးကို ကျွန်မ သူတို့ချည်းအတိုင်း
မကွယ်မ၀ှက်ပြောချရရင် ကျွန်မကိုယ်တိုင်တောင် ကျွန်မယုံမှာ မဟုတ်ဘူး။’ သူမဟာ ဘယ်သူလဲ။
အရှိန်နဲ့ ပြေးနေတဲ့ လျှပ်စစ်ရထားပေါ်က ခုန်ဆင်းပြီး သိုးကလေးတစ်ကောင်ကို
ဘာကြောင့်သွားကယ်တာလဲ။ ဘာဖြစ်လို့ သူမရဲ့ မျက်နှာပေါ်မှာ ကြေကွဲမှုနဲ့ ကပ်နေတဲ့
မျက်နှာဖုံးအပြုံးရှိနေတာလဲ။ သန်းခေါင်ယံထိတ်လန့်တုန်လှုပ်မှုမှာ ချုပ်ရိုးတွေပြေနေတယ်။
ပျှော်ရွှင်မှုနဲ့ အဆုံးသတ်တဲ့ဇာတ်လမ်းဟာ လျော့ရိလျော့ရဲ ဆီလျော်ပေမယ့် နည်းနည်း ချဉ်စော်
နံမနေဘူးလား။ အဲဒါကြောင့် ဖြစ်မယ်။ ပင်လယ်လိပ်ကြီးတွေ သဲကန္တာရကို ဖြတ်ပြီး
တစ်ဖက်ပင်လယ်ဆီသွားနေကြတာကို လေယာဉ်ပျံပေါ်က မြင်ရတယ်တဲ့။ အစကတော့
မိမိရဲ့ ဇာတိနောက်လိုက်တာဟာ အမှန်ဆုံးပဲ ထင်ဖူးကြတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို
အဆင်ပြေသလို လှည့်စားနေထိုင်တတ်တဲ့ ပညာမှာ တစ်ဖက်ကမ်းခပ်ပဲ။ ဘ၀ဆိုတာ
ခြေသလုံးအိမ်တိုင်ပေါ်က စုတ်ပြဲနေတဲ့ အ၀တ်စတစ်ခု ဖြစ် မဖြစ် ခင်ဗျားလည်း တွေးဖူးမှာပါပဲ။
တွေးပြီး ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ပညာသည်ပီသစွာ ပင်လယ်ကမ်းခြေတစ်ခုရဲ့
ညနေခင်းလိုလိုမှာ ပက်လက်ကုလားထိုင်တစ်လုံးလိုလိုနဲ့ ကိုယ်နှစ်သက်ရာ ကာမဂုဏ်အာရုံ
တစ်ခုခုနဲ့ လူမှုရေးမျက်နှာဖုံးစွပ်ပြီး လူလိမ္မာချောဆီလူးနေမှာပေါ့။ မိန်းမပျိုလေးရဲ့ ဘယ်ဘက်
ရင်သားရဲ့ ရင်သီးအောက်က မှဲ့ကလေးဟာ အထူးချိုမြိန်တယ်ဆိုပဲ။ ဟော… ရထားခုတ်မောင်းသံဟာ
မိုးသံဖုံးသွားပြီ။ ခွင့်လွှတ်ပါ။ ကျွန်တော်လမ်းချော်သွားပြန်ပြီ။ ရှင် ကျွန်မကို တကယ်ချစ်ရင်
ကျွန်မကို လုပ်ပေးပါ။ ဟင့်အင်း၊ ဟင့်အင်း … လုပ်ပေးပါ။ ကျွန်မကို လုပ်ပေးပါ။ ရာသီဥတု
အပြောင်းအလဲကို ရံဖန်ရံခါ လိုအပ်တယ်။ မိစ္ဆာကောင်ရဲ့ ခြေသည်းအောက်မှာ အခုဘာရာသီလဲ။
ဇလဗေဒအားဖြင့် ပိုပြီးအေးခဲနေတတ်တာဟာ ခရီးသွားအပြန် လှန်ကြည့်တဲ့ ဓာတ်ပုံတစ်ပုံထဲ
ကောက်ရမိပြန်ရော။ ဒါပေမယ့် အဲတာ ဘာမှမဆိုင်တဲ့ အပြင် လိုရင်းနဲ့ လွဲချင်တိုင်း လွဲနေပြန်တယ်။
အခုကျွန်တော့် ခေါင်းထဲမြည်နေတဲ့ အသံက သူမရဲ့ ပဲ့တင်တွေပဲ။ ရှက်ဖို့လည်း ကောင်းလိုက်တာ။
ဒါပေမယ့် စိတ္တဇဆန်ဆန်ချိုမြိန်မှုအပြည့်။ ကျွန်တော် ဘယ်လိုပြောရမလဲဗျာ။ ကူပါဦး။ ခင်ဗျားဆို
ကျွန်တော်နားလည်အောင် ဘယ်လိုပြောမလဲ။ သံသယ သံသရာ။ ဒီစာဟာ လူတစ်ယောက်အဖို့
ကဗျာဆရာဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်လို့ အဓိပ္ပာယ်အစအနတောင် မပေးတဲ့အတူ
ဘာကြောင့် သစ်ရွက်တစ်ရွက်၊ လေစိမ်းတစ်ခု၊ ကမ်းခြေတစ်ထည်လို ရှိနေတာလဲ။
သို့မဟုတ် အဇ္ဇျတ္တဂီတပညာရှင် သို့မဟုတ် စံချစ်သူ၊ စံအိမ်ထောင်ဘက် သို့မဟုတ်….။
မုတ်သုန်မိုးပြင်းတွေဟာ တွင်းအောင်းမြွေတွေကို ကြာပွတ်နဲ့ရိုက်ပြီး မြေပေါ်ထွက်လာစေတယ်။
များလိုက်တာ၊ များလိုက်တာ။ မြေပြင်တစ်ခုလုံး ချွဲကျိကျိနဲ့ ခြေချစရာ မကျန်အောင်
‘သက်ရှိကောဇော’ ဖြစ်သွားသတဲ့။ ‘အကယ်၍ ဗင်ဂိုးကို ပန်းချီရေးဆွဲနေတုန်း သူရဲ့
သွေးကြောင်းတစ်ချောင်းကို ဖြတ်ပြီး သွေးဖိအားတိုင်းစက်နဲ့ တိုင်းကြည့်ရင် သူ့ပန်းချီကားတွေထဲကလို
လှိုင်းတွေကို တိုင်းထွာချက်မှာ မြင်ရမှာသေချာတယ်။’ ဒါက ဂျပန်ပန်းချီဆရာ ယာနာဝါဂီ ပြောတာ။
အက်ဗဆဒ်ပြဇာတ်ဖခင်တစ်ဦးဖြစ်တဲ့ အာသာအာဒါမော့(ဗ်)က ဟောသလိုဆိုတယ်။
‘လူသားဟာ နားမလည်ဘူးလို့ ရုတ်တရင်သဘောပေါက်သွားတဲ့ အခိုက်မှာ
စတင်နားလည်တော့တာပဲ။ ‘ ဖိစီးမှုအားလုံးရဲ့ နောက်ကွယ်က အာဏာပိုင်တွေဟာ ဖိစိမှုအားလုံးထဲက
မထွက်တတ်ကြတဲ့ အသံတွေပဲ။ မီးခိုးရောင်တိတ်ဆိတ်မှု လွင်ပြင်မှာ အထီးကျန်ရထားတစ်စင်း
အသံကြိတ်ခုတ်မောင်းနေတာ မျက်စိရှေ့ကဖြတ်သွားတယ်။ နှစ်ကိုယ်ထဲသိတဲ့ အတွင်းရေး
ကျောက်သံပတ္တမြားဟာ အများသူငါ ထိန်ချန်ထားကြတဲ့ အရေခွံတွေလည်း ဖြစ်နေပြန်ရော။
လူ့ဘီလူးကြီးရဲ့ ခင်မင်မှုကို လူ့ဘ၀ ဘယ်နှစ်ကန့်ပေးရမလဲ။ ပဋိသရုပ်မှန်ဘ၀အမြင်နဲ့
န၀သရုပ်မှန်ဘ၀ အမြင်ဟာ မျက်စိတစ်ဖက်စီနဲ့ ဇာတ်ရံတစ်ယောက်ပဲ။ တတိယမျက်လုံးရှင်ဟာ
လေထဲပျံဝဲနေတဲ့ ငါးလှလှလေးတွေလည်း ဖြစ်တယ်။ သက်တံရောင်တွေ သူတို့ကိုယ်ပေါ်က
သက်ဆင်းလာကြပြီး ကျွန်တော်တို့ရဲ့ ကြောင်တောင်ကန်းမျက်လုံးခွံတွေပေါ်မှာ
အလဟဿကျကြတယ်။ နယ်ပယ်သစ်လေ့လာရေးဘ၀ ခရီးရှည်ကြီးဟာ ကြီးကျယ်မြင့်မြတ်
ခန်းနားတဲ့ ဆုံးရှုံးမှုမှာပြီးဆုံးတယ်။ တစ်ခုပြီး တစ်ခုပဲ။ လူမှုဟာသဘွဲ့တွေ၊ သရော်စာတွေ၊
ကဗျာတွေ၊ ကြေကွဲပြဇာတ်တွေဟာ မှေးမှိန်သွားကြပြီး သူနဲ့သူမပဲ နောက်ဆုံးညှိုးချုံးခြောက်ကပ်
သွားကြဖှို ကျန်ခဲ့ကြတယ်။ မပြီးဆုံးနိုင်တဲ့ သူတို့နှစ်ဦးဟာ ပကတိပြည့်စုံတဲ့ အချစ်ရဲ့
ကလူနှိပ်စက်ညှင်းပန်းသူနဲ့ ညှင်းပန်းနှိပ်စက်ခံရသူ ကိုယ်စီနဲ့ အခန်းပြောင်းခွင့် ရထား။ ။

ဇေယျာလင်း

ဒီလောက်ဆိုရင်ကိုပဲ ဇေယျာလင်းရဲ့ စကားပြေကဗျာတွေ ဘယ်လိုရှိမယ်ဆိုတာ
ခန့်မှန်းနိုင်ပါပြီ။ ကျန်တာတွေကိုတော့ လမ်းအိုလေးကပဲ ဆက်တင်ပေးသွားပါမယ်။

8 Comments

Filed under ကဗျာ, စာပေ

ပိတောက်ပွင့်သစ် ကဗျာရှည်များ

padauk

ဒီရက်ပိုင်းထွက်လာခဲ့တဲ့ ကဗျာလုံးချင်းစာအုပ်တွေထဲကမှ
အစ်ကိုကြီးကိုစိမ်းနီ စီစဉ်လာတဲ့ ပိတောက်ပွင့်သစ်ကဗျာရှည်စာအုပ်အကြောင်းကို
ကျွန်တော်ထင်မြင်ယူဆသလို ရေးသားသွားပါမယ်။
ဒီကနေ့ ကဗျာစင်မြင့်ထက်မှာ ကဗျာအများဆုံးဖော်ပြတဲ့ မဂ္ဂဇင်းဆိုလို့
ပိတောက်ပွင့်မဂ္ဂဇင်းတစ်စောင်သာရှိပါတယ်။ ကဗျာတိုတွေကိုရော၊
ကဗျာရှည်တွေကိုပါ တခုတ်တရ အလေးအနက်အထား ဖော်ပြနေတဲ့ မဂ္ဂဇင်းပါ။
ဒီအချက်ကို ပြောသင့်တယ်ထင်လို့ပြောတာပါ။ ပိတောက်ပွင့်သစ်ရဲ့ ကဗျာဖော်ပြမှုဟာ
များလွန်းတယ်၊ အီလွန်းတယ် လို့ သုံးသပ်မှုတွေရှိနေပေမယ့် ဒီလိုမှမဖော်ပြရင်လည်း
ကဗျာတွေအကဲစမ်းမယ့် စင်မြင့်တွေ မရှိသလောက်ဖြစ်သွားနိုင်တာအမှန်ပါ။
အရင်တုန်းကတော့ ကဗျာဆိုတာကိုဖော်ပြကြတဲ့ မဂ္ဂဇင်းတွေထဲမှာတော့
ရယ်စရာမဂ္ဂဇင်းကို အမှတ်တရရှိနိုင်ပေမယ့် လက်ရှိအချိန်မှာ သူလည်း
ထင်သလောက်ခရီးမပေါက်တဲ့ အနေအထားဖြစ်နေပါတယ်။ ကိုအေးကိုတို့လုပ်နေတဲ့
လှိုင်းသစ်ကလည်း သူ့လှိုင်းနဲ့သူ စီးနေတဲ့အတွက် တိုးဝှေ့နေရဆဲ အနေအထားပါ။
ကျန်တဲ့မဂ္ဂဇင်းတွေရဲ့ ကဗျာနေရာပေးမှုကတော့ နည်းပြီးရင်းနည်းရင်းပါပဲ။
ကဗျာတိုတွေထက် ကဗျာရှည်တွေကို ဖော်ပြတဲ့ မဂ္ဂဇင်းကလည်း နည်းလာတာမို့
ကဗျာရှည်တွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေသလို၊ မှေးမှိန်နေသလို ဖြစ်နေပါတယ်။
စင်မြင့်မရှိရင်၊ ကွင်းမရှိရင် ကစားသူတွေရဲ့ အစွမ်းပျောက်တဲ့ အခြေအနေရောက်မယ်ဆိုတာ
ခုတလော အတော်ရေပန်းစားနေတဲ့ စကားလည်းဖြစ်ပါတယ်။
မဂ္ဂဇင်းမှာပါမှ ကဗျာပိုသန်တယ်ဆိုတာ တစ်ချို့အခြေအနေတွေမှာ ပြောဖို့မလိုအပ်ပေမယ့်
မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ပြောရင်တော့ လိုအပ်နေတယ်လို့ ယူဆရမှာဖြစ်ပါတယ်။
ဒီလိုအချိန်မှာပဲ စက္ကူအကောင်းစား၊ စာအုပ်ချုပ်ပုံ အပျံစားနဲ့ ထွက်ရှိလာတဲ့
ပိတောက်ပွင့်သစ် ကဗျာရှည်စာအုပ်ကိုတော့ ကြိုဆိုမိတာ အမှန်ပါပဲ။
ပြောစရာတစ်ချို့ကတော့ ရှိနေခဲ့ပါတယ်။

ကျွန်တော်ဟာ စိုက်ပျိုးသူတစ်ယောက် မဟုတ်သလို
ရိတ်သိမ်းသူတစ်ယောက်လည်း မဟုတ်ခဲ့ဘူး
ပွင့်ပြီးသားပန်းတွေကို တင့်တယ်စေဖို့
စီစဉ်တင်ဆက်သူပဲ ဖြစ်ပါတယ်။

ကဗျာဆရာကြီး မောင်စိမ်းနီရဲ့ ပြောပြချင်နေတဲ့ စကားလုံးတစ်ချို့ပဲ ဖြစ်ပါတယ်။
ဖော်ပြထားခဲ့တဲ့ ကဗျာတွေကို လက်လှမ်းမီသလောက် ကြည့်မိတဲ့အခါမှာ…

၁။ မဆန်းသောသေခြင်းမှ ထာဝရမပျောက်ဆုံးသူ
ဆရာဒေါင်းနွယ်ဆွေ ရေးသားခဲ့သော ကဗျာရှည်ဖြစ်ပါတယ်။
သူ့ခေတ်သူ့အခါက အတိုင်း စကားလုံးကောင်းကောင်းတွေနဲ့ပါ။
ဗန်းမော်တင်အောင်ကို ရည်ရွယ်ပြီး ရေးသားခဲ့တဲ့ ကဗျာဖြစ်ပါတယ်။

၂။ စက္ကူမြင်း တောင်တွင်းရထား
မောင်တည်သစ်ရဲ့ လက်ရာဖြစ်ပါတယ်။ မောင်သစ်တည် တဖြစ်လဲ
ဆရာမြသန်းတင့်ရဲ့ ကဗျာတွေကို အာရုံခံစားလို့မရသေးတာဟာ ကျွန်တော်ရဲ့
ညံ့ဖျင်းမှုပဲ ဖြစ်ပါလိမ့်မယ်။

၃။ မဟာလူဆီသွားရာ င၀န်မြစ်ရိုးက မမြင်နိုင်တဲ့ တံတာများ
ဆရာမောင်အောင်ပွင့်မှာ ဒီထက်ကောင်းတဲ့ ကဗျာရှည်တွေရှိနေလိမ့်မယ်လို့
ထင်မြင်မိပါတယ်။ င၀န်မြစ်ဝှမ်းမှမွေး ငြိမ်းချမ်းရေးကို ကျွန်တော်ချစ်ခဲ့ပါတယ် တဲ့။
ကြားခဲ့ဖူးသော စကားလုံးတွေကို ပြန်လည်မြင်တွေ့ရပါမယ်။

၎။ ခေတ်ပြိုင်အိပ်မက်ထဲက …. ခပေါင်း (အေဒီ ၁၉၉၂)
လူဘွဲ့၊ ဒေသဘွဲ့၊ ဒေသဘွဲ့ ကဗျာတွေနောက်က နောက်ထပ် ဒေသဘွဲ့ကဗျာရှည်တစ်ပုဒ်
ဖြစ်လို့နေခဲ့ပါတယ်။ ကိုးဆယ်ကျော်ခုနှစ်တွေထဲမှာ ရှစ်ဆယ်မတိုင်ခင်ခေတ်က
ကဗျာရေးဟန်ကို လွမ်းချင်တယ်ဆို လွမ်းလို့ရပါတယ်။ မောင်နီမွန်ရေးခဲ့တာပါ။

၅။ ရေနံသာ
အဆိုး(မြေလတ်)ရဲ့ ဒေသဘွဲ့ ကဗျာရှည်တစ်ပုဒ်ပါပဲ။

၆။ တစ်မြို့တည်း တစ်ရပ်ကွက်စီနေ သူငယ်ချင်း
ကွန်စစ်ကောင်းရဲ့ ကဗျာဖြစ်ပါတယ်။ ဒေသဘွဲ့တွေအလွန် ရနံ့သစ်တစ်ခုဖြစ်မယ့်
ကဗျာဖြစ်နိုင်ပေမယ့် ဆရာမင်းမော်ရဲ့ သူငယ်ချင်းကဗျာတွေက ပိုကောင်းသလားလို့ပါ။

၇။ ကွမ်းခြံကုန်းမစ်
ငခါး(ကွမ်းခြံကုန်း)ရဲ့ ဒေသစွဲချစ်စိတ်ကလေးတစ်ခု။ ချစ်စရာ ကောင်း၊ မကောင်း။

၈။ ကြယ်ရောင်လမ်း
မင်းချမ်းမွန်ရဲ့ တမ်းတသံကို သဘောကျတယ်ဆို ဒီကဗျာကောင်းပါတယ်။
ကမ္ဘာပြားတာကို စတွေ့တယ်။ နည်းပညာကို စတွေ့တယ်။ ခေတ်ပြောင်းလာတဲ့သဘော။

၉။ လေယာဉ်ပျံကြီးစီးကာသွား ရေကူးပြီး ကျွန်တော်ပြန်လာခဲ့
ခက်တာက ဒီမှာ ရွှေရွှေချင်း ရှင်းလို့မရ၊ ရွှေရွှေချင်း နမ်းလို့မရ၊ ရွှေရွှေချင်း ဝေးဝေးနေမှ
အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ ကားအစည်းပြေသလို တစ်ယောက်တစ်လမ်း
တစ်ယောက်ကို တစ်ယောက် စမ်းတ၀ါးဝါးရှိကြ။
ခရမ်းပြာထက်လူရဲ့ ကိုယ်တွေ့ နိုင်ငံခြားအတွေ့အကြုံ။ သူထိုးထားတဲ့ခေါင်းလောင်း
အသံထွက်နေဆဲဖြစ်ပေမယ့် နားလေးနေသူတစ်ချို့အတွက်ကတော့…..။

၁၀။ လူများ၊ လမ်းများ၊ ရှုခင်းများ၊ အမှတ်တမဲ့ ခြေသံများ
စေတရဲ့ စေတနာဟာ သေချာလှပါသလား။ နာမည်တွေအများကြီးကို တွေ့ရမယ်။

၁၁။ အနုပညာပြင်ပမှာ ငါမနေလို၊ ရန်ကုန်ရောက်နေ့ရက်များကို ဟစ်ဟော့သီချင်းလို
ဆိုမိခြင်း။
စည်သူငြိမ်းရဲ့ ကဗျာရှည်။ နယ်ကလာကြတာချင်း တူမယ်ဆိုရင်တောင် စည်သူငြိမ်းမှာ
လုပ်စရာတွေရှိနေပါသေးလားလို့ ခံစားရပါမယ်။

၁၂။ တစ်ချိန်မေ့ပျောက်သွားမယ်ဆိုတဲ့ အကြောင်းအရာ
အောင်ပိုင်စိုးရဲ့ အပိုင်းဆက်ကဗျာရှည်။ ဟုတ်တာပေါ့လေ။
ငါတို့ရဲ့ တစ်ထပ်တည်း ပုံတူဇာတ်လမ်းဟောင်းလေး မေ့လျော့ခြင်း ပြက္ခဒိန်ဟောင်းထဲက
နေ့စွဲအဟောင်းလေးလည်း သောကမျက်ရည်တွေရွှဲစိုနေတော့မှာ။

၁၃။ မရောက်ဖူးတဲ့မြစ်
နိုင်မွန်အောင်သွင် မရောက်ခဲ့ဖူးတဲ့မြစ်ကို ကျွန်တော်တို့ရော ရောက်ခဲ့ဖူးသလား။

၁၄။ ဆေးသားပျက် ဖလင်ကွက်များ
အိပ်မက်ထဲမှာ ဗီဇာကုန်တဲ့ ငါ့မြို့။ ငြိမ်းသစ်ရဲ့ ကဗျာရှည်ဖြစ်ပါတယ်။

၁၅။ အာဖဂန်စစ်ပြေး ဒုက္ခသည်တစ်ဦးရဲ့စာ
ရိုးလွန်းပါတယ်။ ဟိုးတုန်းက လှုံ့ဆော်ကဗျာအရေခွံနဲ့ ရေးဖွဲ့ထားပါတယ်။
လွှမ်းရုံရဲ့ ကဗျာရှည်ဟာ ဆောင်းပါးကို ခံစားရေးဖွဲ့ထားခြင်းပါတဲ့။

၁၆။ ကောင်းကင်ဘုံ
ပိုင် ဆိုတာမို့ ဘာများပြောရဦးမလဲ။ မြတ်ပီတာစဘတ်ဟာ ကောင်းကင်ဘုံဆိုရင်
သူဟာ မြိတ်မြို့ရဲ့ မကျွတ်တဲ့တစ္ဆေစာရင်းမှာ နံပါတ်စာရင်းဝင်ထားသူ ဖြစ်တယ်ဆိုတာ သတိရပါ။

၁၇။ ရေးတဲ့စာ
သူငယ်ချင်း၊ သူငယ်ချင်း။ နာမည်စာရင်းပြုစုထားတဲ့ တိုးနှောင်မိုးရဲ့ ကဗျာပါ။

၁၈။ အိပ်မက်
တိုးလွင်(ဥတ္တရအလင်း)ရဲ့ အိပ်မက်တွေဟာ တက်ကျမ်းနဲ့ ကင်းလွတ်ပါတယ်။

၁၉။ ငါနဲ့မင်းကြားက ခြားထားတဲ့အကြောင်းဟာ စိတ္တဇ
ခိုင်သစ်ရဲ့ စိတ္တဇ မဆန်၊ တဆန်၊ ရေးဖွဲ့မှုများ။

၂၀။ သို့ ခန့်ကြီး… မှ… ကိုအိမ့်
ရေးတတ်ရင် ပေးစာလည်း ကဗျာစာရင်းဝင်ပါတယ်။

၂၁။ တစ်ယောက်တည်း တစ်ညနေ
မင်းထက်မောင်ရဲ့ တစ်ယောက်တည်းဖြစ်သွားခဲ့တဲ့ ညနေရှုခင်းဖြစ်ပါတယ်။

၂၂။ မိုးစိုနေသော ပြန်တမ်း
ကိုအိမ့်ကဗျာနဲ့ ကိုဘုန်းကဗျာ ကွာဟချက်ဟာ သတိထားစရာပါ။

ပိတောက်ပွင့်သစ်ကဗျာရှည်စာအုပ်မှာ အပေါ်က ကဗျာ ၂၂ ပုဒ်ပဲ ပါဝင်ခဲ့ပါတယ်။
ဒီကဗျာတွေကို ကြည့်လိုက်တာနဲ့ ကဗျာရှည်တွေရဲ့ အနာဂတ်ဟာ ပျောက်ဆုံးနေသလား၊
မှေးမှိန်နေသလားဆိုတာကိုတော့ ဒီကဗျာရှည်စာအုပ်က အဖြေပေးလိမ့်မယ်လို့ ယူဆမိပါတယ်။

3 Comments

Filed under ကဗျာ, စာပေ

လေညာက အမျှဝေမယ်

အက္ခရာစဉ်ရဲ့ ပဉ္စမနေရာစအက္ခရာစင်မြင့်ထက်မှ အစပြုပြီး စတင်ခြင်းဟာ
စပေါ်ပေါက်လာခဲ့တယ်။ ဒီဖြစ်ရပ်မှာ ကျွန်တော့်ဖက်က စတင်ခြင်း ပြုလိုက်တဲ့အကြောင်း
ကြိုတင် ၀န်ခံထားပါစေ။ ဘယ်လို စလိုက်မိတယ်။ ဘာကြောင့် စလိုက်မိတယ်။
ဘယ်အတွက်ကြောင့် စလိုက်မိတယ်။ စတင်လိုက်ရခြင်း အကြောင်းအရင်းကို ပြောပြဖို့အတွက်
ကျွန်တော့်မှာ ပြောပြချင်စိတ်တော့မရှိပါဘူး။ စတင်ခြင်းရဲ့ အကျိုးဆက်နောက်
ဒီကိစ္စကို ပြောသင့်သလား၊ မပြောသင့်သလား ဆိုတာဝေခွဲလို့ မရသေးခင်အချိန်မှာပဲ
ဒီစာကို ရေးဖြစ်သွားတယ်လို့ ဆိုရမှာပေါ့။

ဆိုကြပါစို့ဗျာ။ တစ်စုံတစ်ရာသော တစ်စုံတစ်ခု အကြောင်းအရာဟာ ဒီနေ့ညနေပိုင်းမှာ
လစ်ဟာသွားတယ်။ အဲ့ဒီ ဟနေတဲ့ အဟကလေး (ခပ်ဟဟ ကလေးရယ်ပါ) ဟာထွက်မသွားစေဖို့
လုပ်ဆောင်ရနေရတာက ဝေလာတဲ့ ထမင်းအိုးရဲ့ အိုးအဖုံးကို လက်နှီးမပါပဲ ကိုင်မိလိုက်တဲ့အတွက်
အပူလောင်သွားတဲ့ အရသာနဲ့ ခပ်ဆင်ဆင် တူလှပါတယ်။ တစ်ဖက်မှာတော့လည်း
အပူလောင်သွားတဲ့လက်ကို နာရွက်ကလေးနဲ့ထိပြီး အပူပြေစေဖို့ မစွမ်းသာခဲ့ပါဘူး။
အပူလောင်သွားတဲ့အကြောင်းကို လူသိမှာစိုးတာကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။

ကျွန်တော် စလိုက်မိတယ်။ ကျွန်တော်စလိုက်မိလို့ အပူလောင်သွားတယ်။ ဒါအမှန်ပါပဲ။
သံယောဇဉ်ဆိုတာမျိုးက စထားလိုက်ပြီဆိုတာနဲ့ စထားမိတဲ့သူဖက်က ကျွံသွားတော့ပါပဲ။
သံယောဇဉ်အစကိုဆွဲထုတ်မိရင် ဆွဲထုတ်လိုက်သူဟာ ဆွဲထုတ်လိုက်တဲ့ သံယောဇဉ်နောက်
ပါသွားခဲ့တယ် ဆိုတာမျိုးပေါ့။ ဟင့်အင်း။ ကျွန်တော် အချစ်အကြောင်း ပြောနေတာမဟုတ်ဘူးနော်။
လောကမှာ အချစ်ထက်ပိုအရေးကြီးတာတွေ ရှိတယ်ဆိုတာကို ကျွန်တော်က ယုံကြည်ထားတာ။
ဒါပေမယ့်လည်း အချစ်မရှိပဲနဲ့တော့ ကျွန်တော် မနေထိုင်တတ်တာ အမှန်ပါပဲ။

သံယောဇဉ်ထားတဲ့အခါ နည်းမှန်လမ်းမှန်ဖြစ်ဖို့ လိုတယ်။ အေးအေးလူလူရှိတဲ့အခါကျတော့
ပြောပြတာပေါ့ဆိုတဲ့ သူငယ်ချင်းတစ်ယောက် အခုချိန်မှာ ဘာလုပ်နေသလဲဆိုတာ
ကျွန်တော့်ဖက်က မသိတော့ပါဘူး။ ကော်ဖီတစ်ခွက်နဲ့ တူနာဆလပ်တစ်ပွဲကို သူ့ရှေ့ထိုင်ပြီး
စားချင်သလို စားပြခဲ့ဖူးတာတော့ မှတ်မိနေပါသေးတယ်။ ဆိုင်မှာထိုင်နေရင်းက
အလကား လာချပေးတဲ့ရေကို မသောက်ဘဲ ရေသန့်တစ်ဗူးဝယ်သောက်တဲ့ သူ့အကြောင်းကိုသိဖို့
ကျွန်တော် ကြိုးစားရဦးမယ် ထင်ပါတယ်။ သူကျွေးတဲ့ ရေခဲမုန့်က သူ့ပါးစပ်ထဲမှာတော့
တော်တော်အရသာရှိတဲ့ ပုံပဲ။ သူပြန်ထွက်သွားတဲ့အချိန်ကျမှ မိုးကတိတ်သွားခဲ့ပါတယ်။

လေးဆယ့်ငါရက်တာမျှ သိကျွမ်းရုံရှိခဲ့သော အမျိုးသမီးတစ်ယောက်ကို ရည်းစားစာပေးခဲ့ဖူးတာ
အရမ်းငယ်လွန်းတဲ့ အချိန်တုန်းကဖြစ်ပါတယ်။ ထိုအမျိုးသမီးနဲ့ ကျွန်တော်ရဲ့သိကျွမ်းမှုဟာ
လေးဆယ့်ငါးရက်ပဲရှိတယ်ဆိုတာကိုတော့ ထိုအမျိုးသမီးပြော၍ ကျွန်တော်မှတ်မိနေပါသေးတယ်။
စိတ်ကစားခြင်းဟာ အသက်ငယ်ရွယ်မှုနဲ့ သက်ဆိုင်ပါသလား။ ကျွန်တော် မဆုံးဖြတ်တတ်ပါ။
မြန်မာစာကျောင်းသူဖြစ်သော ထိုအမျိုးသမီးနဲ့ ဆယ်တန်းအောင်ပြီးစ ကျွန်တော့်ရဲ့ဇာတ်လမ်းဟာ
လေးဆယ့်ငါးရက်ပြည့်တဲ့နေ့မှာပဲ ပြီးပြတ်သွားခဲ့ပါတယ်။ မြန်မာစာဘာသာရပ်ကို
နှိုက်နှိုက်ချွတ်ချွတ်လေ့လာဖို့ ကြိုးစားနေတဲ့ ကျွန်တော်ဟာ ငယ်တုန်းက ရည်းစားစာပေးခဲ့ဖူးတဲ့
အမျိုးသမီးကို သတိရ၍ လုပ်ဆောင်နေခြင်းမဟုတ်တာကိုတော့ ယတိပြတ်ပြောပါရစေ။

ထိပ်ထား သိပါစေဟူသော သီချင်းကို ကိုစိုးပိုင်ဆိုခဲ့ဖူးတယ်လို့ ထင်ပါ၏။
ကျွန်တော်၏ အချစ်သည် ခမ်းနားကြီးကျယ်ခြင်းမရှိပါ။ ဂုဏ်ပကာသန မမက်မောပါ။
အလှဂုဏ်၊ ဓနဂုဏ်လည်း မမက်မောတတ်ပါ။ စိတ်မရှိပါနှင့်။
ကျွန်တော်ငယ်စဉ်အချိန်တုန်းက ကိုမြကြီး၊ သန်းဖေလေး မှအစပြုလို့ မင်းအောင်၊ အနိုင်၊
အောင်သူတို့၏ သီချင်းများကို အကြိုက်လွန်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။
ဗညားဟန်နဲ့ ပိုးအိစံကို နှစ်သက်သောသူများ ကျွန်တော့်ဆီမှာ စာရင်းပေးနိုင်ပါတယ်။
အသည်းကွဲသီချင်းတိုင်းဟာ အသည်းကွဲမတတ် ကောင်းလွန်းလှသည်တော့ မဟုတ်ပါ။

ဒီနေ့မနက်ပိုင်း ကောင်းကင်ယံမှာ စက္ကူစွန်တစ်ချို့တွေ့လိုက်ရပါတယ်။
ညပိုင်းမှာ ဗျောက်အိုးဖောက်သံတွေလည်း ကြားနေရပါပြီ။ မကြာခင် သီတင်းကျွတ်ပါတော့မယ်။
ရာသီဥတုတွေထဲမှာ ဆောင်းရာသီက ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့အကြောင်း ပြောဖို့လိုအပ်ပါတယ်။
စိုစိုစိစိလွမ်းရတာထက် ခြောက်ခြောက်သွေ့သွေ့ လွမ်းရတာက ပိုခံစားလို့ကောင်းပါတယ်မဟုတ်လား။
အချစ်မရှိပဲ မနေထိုင်တတ်တဲ့ ကျွန်တော်ဟာ တစ်ချစ်ပြီး တစ်ချစ် မှတ်တမ်းတင်နေဆဲပါ။
လောကမှာ အချစ်ထက်ပိုအရေးကြီးတာတွေ ရှိတယ်ဆိုတာကို ကျွန်တော် ယုံကြည်ထားပါတယ်။

ပြောင်းလဲမှုတိုင်းမှာ ပျော်ရွှင်ဖွယ်ကောင်းသော အဆုံးသတ်ဖြစ်ပါစေသောဟူသော
အလင်္ကာကို ညကကြည့်ဖြစ်ခဲ့သော ရုပ်ရှင်ထဲမှာ စာတန်းထိုးသွားပါတယ်။
ကျွန်တော် အချစ်အကြောင်း ပြောနေသည်လား။ မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။
လောကမှာ အချစ်ထက်ပိုအရေးကြီးတာတွေ ရှိတယ်ဆိုတာကို ကျွန်တော်ယုံကြည်ထားတယ်နော်။
ဒါပေမယ့်လည်း အချစ်မရှိပဲနဲ့တော့ ကျွန်တော် မနေထိုင်တတ်တာ အမှန်ပါပဲ။
ဒီလောက်နဲ့ပဲ ကျွန်တော်ရေးနေတဲ့စာကို အဆုံးလိုက်ပြီလို့ မှတ်ယူလိုက်ပါ။

Leave a comment

Filed under စာပေ, အက်ဆေး

စကားလုံးတွေ ရောက်လာသေးလား

စကတည်း စကတည်းက စကတည်းကကား
ရိုင်းသွားလည်း ဒီစကား ပြိုင်းသွားလဲ ဒီစကား
လုံးစေ့ပတ်စေ့ပြောမှ စကားလုံး စကားစပ်က
စမိသွား/ စငြိသွား/စသိသွားမှာဆို
ထမင်းအိုးဝေသလို စကားလုံးတွေဝေသွားခဲ့တာ
ရေတွေလျှံသွားသလို စကားလုံးတွေ လျှံသွားခဲ့တာ
စကားလုံးတွေဟာ ဘယ်နေရာကို ဆိုက်ရောက်သွားတာ
စေလိုရာစေပေါ့ စေနှင်ရာနှင်ပေါ့
လေနေသလားကွဲ့ တွေဝေမနေနဲ့ မိတ်ဆွေရေ
ဝိစီသံတော့ တစီစီကြားရင်တော့
စေတနာသုံးတန်ဝန်ပိုသွားတယ် မှတ်လိုက်ပါ
စိတ်ပျက်သွားသလား အဆိပ်တက်သွားသလား
သိပ်ခက်သွားသလား အအိပ်ပျက်သွားသလား စွေမယ်
သွားမစနဲ့ သွားမစားနဲ့ သွားမစာနဲ့ ခံသွားရမယ် သတိထား
စသုံးလုံးဆောင် အိုတောင်မဆင်းရဲ တွေ့မှ ဆင်းရဲသွားတာ စဉ်းစားစရာ
စကားလုံးတွေရဲ့ ရှေ့ဆုံးနေရာ စကားလုံးတွေရဲ့ နောက်ဆုံးနေရာ
စကားဝင် စကားထွက်ဟာ လေ၀င် လေထွက်
လူအချိုးပြင်မလား စကားအချိုးပြင်မလား
ဆက်လက်၍ စိတ်လက် ကြည်လင်စရာ၊ ညစ်ညူးစရာများကို မျှဝေရန်*
ယနေ့မှ စသင် ယခုမှ စသင် ခုကတည်းက စသင်လိုက်ပါ
စကားလုံးနဲ့ အသံတွေက လူကို စောင့်တာ ကြာဖူးလား
စကား စကား ပြောပါများတော့ စကားထဲက စသိရတာပဲဆိုတော့
စကား စကား ပြောပါများတော့ စကားထဲက ဇာတိပြရင် မရဏကို ဘယ်သွားထားမလဲ။

(*) အစ်မကြီးကုမ် ပြောခဲ့သော စကားဖြစ်တယ်။

1 Comment

Filed under ကဗျာ

မျောက်တို့၏ မာယာ

ဖြစ်ရပ် – ၁
………………
မျောက်တွေ မြို့ထဲဝင်လာပြီ။
မြို့ရဲ့အရှေ့ဖက်ဆီကနေ စူးစူးဝါးဝါးအော်ဟစ်ရင်း လူတစ်ယောက်ပြေးဝင်လာတာတွေ့ရတယ်။
လူတစ်ယောက်။ လူတစ်ယောက်ဆိုတာထက် ဒီလူဟာ လူတစ်ယောက်ရော ဟုတ်ရဲ့လား။
လူတွေရဲ့ စူးစမ်းစိတ်ဟာ သူရဲ့အော်သံဆိုတာထက် သူရဲ့ဟန်ပန်ကိုပဲ အံ့အားသင့်နေကြသလို။
မျောက်တွေဝင်လာပြီလို့ အော်လာတဲ့သူကိုယ်တိုင်က မျောက်တစ်ကောင်လိုဖြစ်နေတာက
လူအများအတွက် ပါးစပ်အဟောင်းသားဖြစ်နေခဲ့တယ်။ မျောက်နဲ့တူတဲ့ ဒီလူဟာ အော်ရင်း ဟစ်ရင်း
မြို့ထဲကို ၀င်ရောက်လာခဲ့တယ်။

လူတွေရဲ့ အကြည့်က သူ့အသံမဟုတ်တော့ပဲ သူ့ပုံစံဖြစ်နေတာကိုတော့
သူကိုယ်တိုင်တောင်သတိထားမိပါ့မလား။ တစ်မြို့လုံးရုတ်ရုတ်သဲသဲ ဖြစ်နေသလားဆိုရင်တော့
ပုံမှန်အတိုင်းပဲလို့ ပြောရမှာပါ။ လဖေ့ရည်သောက်နေကြသူတွေလည်း အသောက်မပျက်။
ကျားကစားနေကြသူတွေကလည်း ကစားမပျက်။ ဈေးသွားဖို့ပြင်နေသူတွေကလည်း ပြင်နေကြဆဲ။
ကျောင်းတက်ချိန်ဖြစ်နေတာမို့ လမ်းပေါ်မှာတော့ ကျောင်းသားတွေ မရှိကြဘူး။ ဆံသဆိုင်က
လူတစ်ယောက်ကတော့ ဆံညှပ်ကပ်ကြေးကိုင်ရင်း ထွက်ကြည့်တယ်။ အုန်း၊ ငှက်ပျောဆိုင်ရှေ့မှာတော့
အုန်းသီးတင်ကားတစ်စီး ပစ္စည်းတွေချနေတယ်။ အုန်းသီးတွေချနေတယ်လို့ ပြောရင်မှန်နိုင်မယ်။

မျောက်နဲ့တူတဲ့လူတစ်ယောက် အော်ဟစ်ပြေးလွှားလာတာဟာ သိပ်တော့အထူးအဆန်းမဟုတ်ဘူး။
ဒီမြို့မှာ အရူးတွေ စိတ်ဖောက်ပြန်မှုပြင်းထန်လာရင် ဒီလိုပဲ ထအော်ပြေးနေတတ်တာကိုး။
နောက် အကြောင်းတစ်ခုရှိနေသေးတယ်။ မျောက်တွေတစ်ကယ်ပဲ ၀င်လာတယ်ထားဦး။
မျောက်တွေဟာ လူကိုဘေးမပြုမနိုင်ဘူးလို့ မြို့ခံလူတွေက ယုံကြည်ထားတဲ့
အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျောက်တွေက လူတွေကို ဘေးမပြုနိုင်ဘူးလို့
သူတို့ ယုံကြည်နေကြတယ်။ မျောက်တွေဟာ လူတွေကို ဘေးမပြုဘူး။
ယုံကြည်ချက်တစ်ခုကြောင့်လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။

မျောက်နဲ့တူတဲ့လူဟာ မြို့အနောက်ဖက်ကို အော်ဟစ်ပြေးလွှားပျောက်ကွယ်သွားတယ်။
မနက်က ကိစ္စဟာ လူတွေအတွက်ဘာမှ ထိတ်လန့်နေစရာမလိုတဲ့အတိုင်း လူတွေဟာ
အေးဆေးသက်သာစွာနဲ့ပဲ နေ့ရက်တစ်ခုကိုဖြတ်သန်းခဲ့ကြတယ်။ အေးအေး လူလူ ပါပဲ။
မနက်က မျောက်နဲ့တူတဲ့ လူအကြောင်းကိုလည်း ညနေထမင်းဝိုင်း၊ အရက်ဝိုင်းတွေမှာတောင်
ထည့်မပြောခဲ့ကြဘူး။ အဲဒီလောက်ကို ဘာမှမထူးဆန်းတာပါ။

ဒါပေမယ့်…
အဲဒီနေ့ညသန်းခေါင်အချိန်လောက်က မျောက်လိမ္မာဆရာနဲ့ မျောက်သွေးပါတယ်ဆိုတဲ့
မိသားစုတစ်စု မြို့ကနေ တိတ်တဆိတ်ထွက်ခွာသွားခဲ့တယ်ဆိုတာကို
မြို့ထိပ်ကင်းတဲက ကင်းစောင့်တစ်ယောက်ပဲ သိခဲ့ရတယ်။ သူတို့ ဘာကြောင့်ထွက်သွားတာလဲ။
သူတို့ ဘယ်ကို သွားကြမှာလဲ။ သူတို့ကလွဲလို့ ဘယ်သူကမှ သိကြမယ်မထင်ဘူး။
နောက်တစ်နေ့ အာရုံတက်ချိန်မရောက်ခင်အထိတော့ မြို့က အေးဆေးငြိမ်သက်နေတုန်းပါပဲ။

ဖြစ်ရပ် -၂
……………..
ဒီနေ့မနက် မိုးလင်းတဲ့အချိန်မှာ တစ်မြို့လုံး မျောက်တွေ ဖြစ်နေတယ်။
မျောက်တွေဖြစ်နေခဲ့တယ်ဆိုတာက လူတွေဟာ မျောက်ပုံစံ အသွင်ပြောင်းသွားခဲ့တာ။
မုတ်ဆိတ်ရိတ်ဖို့ ပြင်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ အော်ဟစ်သံ။ ဈေးရောင်းထွက်လာတဲ့
ပဲပြုတ်သည်တစ်ဦးရဲ့ မှင်သက်မှု။ လူတွေရဲ့ ထိတ်လန့်တကြားဆင့်ကဲ အော်သံတွေ။
တစ်မြို့လုံး မျောက်တွေ ဖြစ်ကုန်ကြပြီ။ ဘာကြောင့်မျောက်တွေဖြစ်ကုန်သလဲဆိုတာ
မစဉ်းစားကြတော့ပဲ သွေးရူးသွေးတန်အမူအရာတွေနဲ့ အလန့်တကြားဖြစ်နေကြတယ်။

ဘယ်သူကများ လူတွေကို မျောက်အဖြစ် ပြောင်းလဲသွားစေခဲ့တာလဲ။
ဘာတွေစားမိလို့များ မျောက်တွေဖြစ်ကုန်တာလဲ။ သူတောင်းစားကအစ ပညာတတ်တွေ၊
မြို့အုပ်ချုပ်သူတွေအဆုံး မျောက်တွေဖြစ်ကုန်ကြတဲ့အခါ ဘယ်သူကမှ ဒီကိစ္စကို ဖြေရှင်းဖို့
မတတ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရတယ်။ ရုပ်ရှင်တွေထဲကလို ကယ်တင်မယ့်သူလည်းမရှိ၊
နီးစပ်ရာမြို့တွေ့ဆီက ကယ်ဆယ်သူတွေလည်း ရောက်မလာတဲ့ အခြေအနေမှာ
ဘာမှမတတ်နိုင်တဲ့ အနေအထားကို ဆိုက်ရောက်လာခဲ့တယ်။
ကိုယ့်ကိုကိုယ်သတ်သေဖို့ ပြင်ဆင်နေကြတဲ့သူတွေ၊ ကိုယ်ပေါ်က အမွှေးအမျှင်တွေ
အရေခွံတွေကို စုတ်ဖြဲဖို့ကြံစည်နေကြသူတွေ၊ အော်ဟစ်ငိုကြွေးနေကြသူတွေနဲ့
စိတ္တဇလူသတ်ဇာတ်လမ်းတွေထဲက ဇာတ်ဝင်ခန်းတွေ။

မျောက်အဖြစ်ပြောင်းသွားတဲ့လူတွေဟာ သူတို့ကိုယ်သူတို့ ဘာတွေပဲ လုပ်ဖို့ ကြိုးစား၊ ကြိုးစား
ကျန်တဲ့သူ ဘယ်သူတွေကမှ စိတ်မ၀င်းစားကြဘူး။ ဘယ်လိုများလုပ်လိုက်ရင် လူအဖြစ်
ပြန်လည်ရောက်ရှိသွားမယ်ဆိုတာကိုလည်း မစဉ်းစားတတ်ကြတော့ပဲ ကိုယ်ထင်ရာကိုယ်လုပ်ဖို့
တွေကိုပဲ စိတ်စောလာကြတယ်။ နောက် ဘာမှလုပ်မရတော့ဘူးလို့ သိလာကြတဲ့လူတွေက
ငုတ်တုတ်ထိုင်ရင်း ငိုကြွေးလာကြတယ်။ တိရိစ္ဆာန်ရုံထဲက မျောက်တွေအတိုင်းပဲ။
အစာအတွက်လည်း သတိမရကြ။ တွေးတောဖို့လည်း သတိမရကြတော့။
သူတို့အတွက် မနက်ဖြန်ဆိုတာတွေဟာ ခြောက်ခြားစရာတွေအပြည့်။ မောင်နဲ့ နှမ၊
သားနဲ့ အမိ၊ မိဘနဲ့ သားသမီး အချင်းချင်းတောင် မမှတ်မိလောက်တော့အထိ
ရန်လိုစိတ်တွေက လွန်ကဲလာကြတယ်။ ဖန်ဆင်းသူမသိ၊ ကယ်တင်သူမရှိနဲ့
ပွက်လောရိုက်ဆူညံမှုတွေနဲ့အတူ နေ့ရက်တစ်ခုဟာ ကုန်ဆုံးသွားခဲ့ပြန်တယ်။

ဖြစ်ရပ်- ၃
……………..
ဒီမနက် မျောက်လင်းလင်းချင်းမှာ မျောက်တွေဟာ မြောက်အရပ်ဆီကနေ
စတင်ဝင်ရောက်လာခဲ့တဲ့အကြောင်း နံနက်ခင်း မျောက်တိုင်မ်းသတင်းစာက
ခေါင်းကြီးသတင်း အနေဖြင့် ဖော်ပြလိုက်ပါတယ်။ သတင်းရေးသားသူရဲ့မျက်နှာကိုက
မျောက်တစ်ကောင်ရဲ့ မျက်နှာဖြစ်နေတဲ့ဆိုတာ သိလိုက်ရတယ်။
လူသည် မျောက်ကဆင်းသက်လာခြင်းသီအိုရီမှားယွင်းကြောင်းနှင့် သီအိုရီအမှန်မှာ
မျောက်သည် လူကဆင်းသက်လာခြင်းဖြစ်သည့်အကြောင်း မြေမဟီမှ လက်တစ်ဖက်ထုတ်၍
ဒါဝင်က ပြင်ဆင်ထုတ်ဖော်ပြောဆိုခဲ့တဲ့ဆိုတဲ့အကြောင်းကို မျောက်အန်အန် သတင်းဌာနက
တစ်နေကုန်ထုတ်လွှင့်နေတယ်။ ဒါဝင်သီအိုရီ မှန်ကန်ခြင်းရှိမရှိ ဆိုသည်ကိုတော့
အမေမျောက်ကန်မှ မျောက်ရူပအဖွဲ့တစ်ဖွဲ့က စူးစမ်းလေ့လာနေတဲ့ဆိုတာကိုလည်း
နေရှင်နယ်မျောက်အိုဂရပ်ဖစ်မဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်ရေးသားဖော်ပြလိုက်တယ်။
မျောက်နတ်မင်းဟာနုမာန် အိပ်မောကျရာကနေ နိုးထလာလေပြီဆိုသော
ကောလဟလများလည်း မြို့ထဲမှာ ပျံ့နှံ့နေခဲ့တယ်။ ဘုရားအလောင်းမျောက်မင်း၏
အမည်မှန်ကို ရှာဖွေရန် သုတေသနအဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်တယ်။ မျောက်တွေဟာ
လူစိတ်များဖြင့်ရှင်သန်နေခဲ့ပြီး လူတွေကတော့ မျောက်စိတ်နဲ့ရှင်သန်နေခဲ့ကြတယ်ဆိုတာကို
မျောက်စိတ်ဗေဒပညာရှင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

6 Comments

Filed under စာပေ, အက်ဆေး

ကျွန်တော့် စိတ်ကလေး မနေ့ညက ချောပါသွားတယ်

စိတ်ကိုဈေးငြိ၊ ဈေးကစားဖို့ ကြံ ၊ ကြံဖန်စရာ ဘာမှမရှိတော့
ကျန်တာတွေ ကြံဆရင်း တန် မတန် မသိရပေမယ့်
ဈေးကြည့်တော့ ဈေးကြီး မေးကြည့်တော့ မေးကြီး
မင့်မလဲ လက်ကြမ်း ခြေကြမ်း လက်ကြီး ခြေကြီး
သွားပါများခရီးရောက်သနဲ့ ခြေဖ၀ါးက ပြားပြား
အနေအစားက ကြွားကြွားနဲ့ ကြွားရွားပြနေလိုက်တာ
ကမ္ဘာမြေကြီး လုံးသလား ပြားသလား သွားမမေးနဲ့
သွားကလေးက ခပ်ကျဲကျဲ ငယ်ကအဖြစ် အနှစ်တစ်ရာ
မမေ့သာ မေးမနေပါနဲ့ မောင်ရာ အဖြစ်ကိုက ခပ်ရွဲရွဲ
တလွဲတွေချည်းတွေ့နေရတာက လွဲလွဲချော်ချော်
လွဲချော်ခဲ့တာက သံသရာပါမယ့် ဒဏ်ရာ
ချောသလားမေးရင် ချောတယ်လို့ဖြေမှာ အဟုတ်
တဘိုင်းဘိုင်း တဘိုင်ဘိုင် ဘိုင်ကျသွားတိုင်း
ဘိုင်းဘိုင်း လုပ်မှာလားဆိုတော့
လမ်းတိုင်းကို လေးခင်းထား/လေခင်းထားမယ်ကွယ်
နဂိုမေ စိုပြေ ခက်တယ် ခက်တယ် ခက်တယ်ကွယ်နဲ့
ကယ်မလိုနဲ့ ကွယ် ကွယ်မလို နဲ့သယ်
လွယ်မလိုနဲ့ တွယ်နေပြန်ပါပေါ့လို့ ပြောရတော့မလား
ကဲ… အတောမသက် စောဒဂတက်ဖို့များ ရှိမယ်ဆိုရင်
မရောင်ရာဆီလူးဖို့အတွက် ခွဲပြီးတဲ့ရင် ပြန်စေ့လိုက်ရုံပေါ့
ဟုတ်တယ် မဟုတ်ဘူးလား ဟုတ်တယ် မဟုတ်လား…. ဟင်။

2 Comments

Filed under ကဗျာ

စိတ်ကူးချိုချို ကဗျာများ

စိတ်ကူးချိုချိုက ထုတ်ခဲ့တဲ့ ကဗျာတို၊ ကဗျာရှည်
စာအုပ်နှစ်အုပ်ထဲမှာ ကဗျာတိုစာအုပ်အပေါ်
ကိုမိုးဆတ်ရဲ့ ထင်မြင်ယူဆ သုံးသပ်ချက်များဖြစ်ပါတယ်။
လက်သင့်ခံနိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။

ဆြာတော…

စိတ်ကူးချိုချို ‘ ကဗျာအချို့’ဖတ်ဖြစ်ပါတယ်။

၁။ ‘နာဂစ်အလွန်လပွတ္တာ’
နာဂစ်ကြောင့် ထိခိုက်ဆုံးရှုံးရမှုတွေ၊
နာဂစ်ကလှစ်ဟပြလိုက်တဲ့ လူ့သဘာဝတွေ၊
နာဂစ်က မွေးဖွားလိုက်တဲ့ အတွေးတွေကို
ထိထိမိမိ ဖော်ပြနိုင်တဲ့ ကဗျာဆိုလို့ သိပ်မရှိပါ။
(ခုထိတော့ ‘ဘာဖြစ်သလဲနာဂစ်’တခုပဲတွေ့မိပါတယ်)

၂။ ‘အဆင်ပြေသလိုသာ’
ခေတ်ပြိုင်ဘ၀ပုံရိပ်နဲ့ ဘာသာစကားကို ကဗျာထဲ
ဆွဲသွင်းတတ်တာကလွဲပြီး ထူးခြားမှုမရှိပါ။

၃။ ‘မိသားစု’
မိသားစု ကဗျာလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
နေနေသာသာ တန်းမဆင်းရအောင် ရုန်းရမယ့်ကဗျာပါ။

၎။ ‘အထီးကျန်ခြင်း’
ယနေ့မြန်မာကဗျာ ဘာလဲလို့ တယောက်ယောက်မေးလာရင်
ထုတ်ပြရမယ့် ယနေ့အချိန်ရဲ့ ပုံစံခွက်ကဗျာပါပဲ။

၅။ ‘ဂွာရာနီကား’
‘သုခမိန်လှိုင်ထက်ကို စီနီယာကျတဲ့
ကဗျာဆရာတစ်ယောက် ရေးထားပုံရပါတယ်။

၆။ ‘အစဉ်သဖြင့်’
စကားလုံးတစ်လုံး ဒါမှမဟုတ် ၀ါကျတစ်ကြောင်းရရင်
ကဗျာတစ်ပုဒ်မဖြစ်ဖြစ်အောင် ရေးရတာ
ကဗျာ့နည်းဗျူဟာ တစ်ခုထင်ရဲ့။

၇။ ‘ယနေ့ရနိုင်သော..’
ဇေယျာလင်းစီမံတာမို့ ဇေယျာလင်းစံမီပါတယ်။

၈။ ‘ကျွန်တော်တို့ ကမ္ဘာကြီး’
‘ခုထိသတ်ပစ်ချင်တဲ့သူတွေ ရှိသေးရုံနဲ့ပဲ
လူဖြစ်ရကျိုးနပ်ပြီ’တဲ့
အလွမ်းပြေပါတယ် ‘ သံသရာထိအောင် မွှေးမယ့်ရနံ့’ ရေ။

၉။ ‘ဘဂ္ဂဒက်’
ကဗျာဆရာ ‘ထက်မြက်’ ပါ။

၁၀။ ‘ ကျွန်ုပ် ဆိုက်ရောက်ခြင်း’
ကြည့်လိုက်ရင်တော့ လွယ်လွယ်လေးပါပဲ။

၁၁။ ‘ စိန်ခြယ်ပန်းများဖြင့်’
ရည်ရွယ်ချက်နဲ့ရေးတာဖြစ်တဲ့အတွက်
ရည်ရွယ်ချက်ပြည့်မပြည့်ကိုပဲ စဉ်းစားရပါမယ်။

၁၂။ ‘ ပင်လယ် ဓားပြနဲ့ တွေ့ဆုံခြင်း’
ကဗျာကို
ဒီလိုရေးလို့
ရတယ်ဆိုတာ
ပြနိုင်ခဲ့ပါတယ်။

၁၃။ ‘ ကြေးနန်းစာ’
မောင်ချောနွယ်ရဲ့ ‘ စာအုပ်’ အဖြစ်
ပုံနှိပ်ဖော်ပြခြင်း မပြုရသေးသော
ကဗျာများစွာထဲက ဖြစ်ရင် ပိုကောင်းမယ်လို့
ချဉ်ခြင်းတက်မိရဲ့။

၁၄။ ‘ လှိုင်သာယာ-၂ ‘
ဦးညွှတ်လိုက်ပါတယ် ‘ သတ္တိရှိတဲ့ ခြုံပုတ်လေး’။

၁၅။ ‘ ငါး’
မမျှော်လင့်ပဲ
ထိရှမှုရှိနေပါတယ်။
ဖမ်းယူဆုပ်ကိုင်ဖို့ ကြိုးစားလိုက်တာနဲ့
ပျောက်ရှသွားတတ်တဲ့အရာတွေထဲမှာ
‘ကဗျာ’ ပါတယ်

၁၆။ ‘ ရန်ကုန်-၄’
ဒါမျိုးတွေ ကျွန်တော်တို့ လိုအပ်နေပါ (သေး)တယ်။

ဖန်တီးပြုလုပ်ရတာထက် ဝေဖန်အကဲဖြတ်ရတာ
ပိုပြီးလွယ်ကူကြောင်း အမြဲသတိပြုလျက် …

မိုးဆတ်

7 Comments

Filed under ကဗျာ, စာပေ

ခုတလော တည်ဆောက်မှု

၁) တွေးနေမိတာက
အိပ်မက်များနဲ့ အိပ်မက်များရဲ့ မနက်ဖြန်။

၂) ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အလွမ်းသင့် ကျွမ်းရင့်တယ်ထင်။

၃) ကျန်းမာရေး
အစွန်းမလွတ်သေးတဲ့ စိတ်ဖောက်ပြန်ခြင်း နေ့ရက်များ။

၎) ဖတ်ဖြစ်တာ
ဘာသာစကားသင်္ကေတတိုင်း မျက်လွှာအပေါ်ယံက ဖြတ်သန်းသွားစမြဲ။

၅) ရောက်ဖြစ်နေတာက
ညနေတိုင်း လမ်းမတွေပေါ်။

၆) ရေးဖြစ်နေတာက
စကားလုံးသင်္ကေတများ၏ လက်ကျသံ တဖြောက်ဖြောက်။

၇) နားထောင်ဖြစ်နေတာက
လေထုထဲမှာ အသံတွေရှိမယ်ဆို အသံတိုင်းဟာ ဂီတဖြစ်မလား။

၈) ရွတ်နေမိတဲ့ ကဗျာက
လူကြိုက်များဖို့ မလိုပါဘူး။ လူကြိုက်မမှားဖို့ လိုတယ်။

၉) ဖြစ်ချင်နေတာက
တိမ်စွန်များရဲ့ အပေါ်ဘက် ဗလာနယ်ဟာ ဖြေစရာ။

၁၀) စားဖြစ်နေတာက
အရည်အဖတ်ရောထွေးနေသော။

၁၁) သောက်ဖြစ်နေတာက
အတုအစစ်ရောထွေးနေတဲ့ ကော်ဖီခါးခါး။

၁၂) သနားနေမိတာက
ရင်နှင့်ရင်းသော ရင်ခတ်ပန်းများ။

၁၃) လွမ်းနေမိတာက
ရင်ထဲလှိုက်လို့။

၁၄) မေ့လျော့ပစ်နေမိတာက
အတွက်အချက်နဲ့ ကင်းလွတ်နေသော။

၁၅) ခါးသက်နေမိတာက
နေ့ရက်တစ်ခုရဲ့ အစ။

၁၆) တမ်းတနေမိတာက
တမ်းတတတ်သည်။

၁၇) ဆန္ဒမရှိတဲ့နေရာ
စွဲလန်းသော စိတ်ရှိရာသို့။

၁၈) ဆန္ဒရှိနေတဲ့ကိစ္စ
စွဲလန်းသောစိတ်ရှိရာသို့ ( စွဲလန်းသော စိတ်ရှိရာဆီသို့)

၁၉) မုန်းနေမိတာ
အတ္တခါးခါးနဲ့ မှားယွင်းမှုတစ်ခု။

၂၀) ချစ်နေတာက

၂၁) စိတ်ပျက်နေမိတာက
ခက်နေတာ၊ ခက်နေစရာ၊
အခက်ဝေဖြာလာတာလည်း မဟုတ်ပါ။

၂၂) စွဲလန်းနေမိတာက
ကိုယ်မဟုတ်သော ကိုယ့်စိတ်။

၂၃) လိုအပ်နေတာက
ကြယ်တွေ စုံပြီလား။

၂၄) ၀န်ခံချင်တာက
အခုလို ငါ့အကြောင်း ငါဆင်ပြောရတာကို
မရေးချင်ပဲ ရေးလိုက်တယ်။

PS: နောက်ကျသွားတယ်ဆိုပေမယ့် ဒေါ်ကြေးမုံ ကျေနပ်မယ်ထင်ပါရဲ့။ 🙂

5 Comments

Filed under ပြန်ကြားချက်

စာဖတ်သူများသို့

အချိန်တွေဟာ ကုန်လွန်တာ မြန်လွန်းတယ်လို့ ထင်ရတယ်။
တောကျောင်းဆရာဘလော့ကို ဖန်တီးခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။
အထိုက်အလျောက်အားဖြင့် လူသိများခဲ့၊ မကျေလည်သူ များခဲ့ပါတယ်။
ကိုယ်ရေးချင်လို့ရေးတဲ့စာကို လာဖတ်ကြသူတွေရှိနေတာဟာ မှားယွင်းမှုမဟုတ်ခဲ့ပါဘူး။
စိတ်မကောင်းစရာကတော့ တောကျောင်းဆရာဘလော့တစ်နှစ်မပြည့်ခင်မှာ ပျက်စီးသွားခဲ့တာပဲ။
ရေးထားခဲ့တဲ့ စာတစ်ချို့ကို ပြန်ရခဲ့ပေမယ့် ပေးထားတဲ့ ကော်မန့်တွေကတော့
လေထဲမှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆိုးသည်၊ ကောင်းသည် ကော်မန့်ပေး
ဝေဖန်ခဲ့ကြသူတွေကို အားနာပါတယ်။ အခြေအနေတွေကိုက ရှုပ်ထွေးလွန်းလှပါတယ်။
ဘာကြောင့်ဒီလိုဖြစ်သွားတာလဲဆိုတာလည်း ကျွန်တော်မတွေးတော့ပါဘူး။

အခုတော့ အသစ်ပြန်လုပ်လိုက်ပါတယ်။
ဒီဘလော့ဖြစ်ပေါ်ဖို့အတွက် ဒိုမိန်းဝယ်တဲ့နေရာမှာ ကူညီပေးခဲ့လေသော
ဘိလပ်ကမောင်နှမနှစ်ယောက်ဖြစ်တဲ့ ဘိုဆရာနဲ့ မမစု၊
သူ့ငွေကြေးနဲ့ဝယ်ထားတဲ့ ဟိုစတင်ကို မျှဝေသုံးဖို့ပေးခဲ့တဲ့ ညီငယ်စေတန်ဂေါ့၊
နောက်… သီခြားကူညီမှုတွေပေးခဲ့ဖူးတဲ့ ကိုဖိုးသား၊ ကိုသင်္ကြန်၊ ကိုဂူဂူ တို့အပြင်
အကောင်းအဆိုး ဝေဖန်ခဲ့ကြသူများ၊
သူငယ်ချင်းများ အားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

ကျွန်တော်ဟာ Isolate ဖြစ်လွန်းတယ်လို့ သူငယ်ချင်းတစ်ယောက်က ဝေဖန်ခဲ့ဖူးပါတယ်။
သူရဲ့ဝေဖန်မှုကို ကျွန်တော်လက်ခံပါတယ်။ မှန်လည်း မှန်နေတဲ့အတွက်ကြောင့်ပါပဲ။
ဒီအခါမှာ ကျွန်တော့်ဖက်ကများ ခင်ဗျားတို့နဲ့ထိတွေ့မှုနည်းပါးခဲ့တယ်ဆိုရင်
ဒါဟာ ကျွန်တော်ရဲ့ ပျက်ကွက်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
တဆက်တည်း ပြောလိုတာက ကျွန်တော့်အနေနဲ့ တခြားအပိုစာသားတွေ
သိပ်မလုပ်ချင်တော့တာမို့ တောကျောင်းဝက်ဘ်ဘလော့ရဲ့ စာမျက်နှာကို
ခင်ရှင်းရှင်းလေးပဲ လုပ်ထားပါတယ်။ စာအပေါ်မှာ ဝေဖန်မှတ်ချက်ပေးတဲ့ ကော်မန့်မျိုးကို
ပိုမိုလိုချင်တဲ့အတွက် စီဘောက်စ်ကိုတော့ ကျွန်တော်မထားတော့ပါဘူး။
ဒီအတွက် နားလည်ကြမယ်လို့မျှော်လင့်ပါတယ်။

သိထားပြီးတဲ့အတိုင်း တောကျောင်းဘလော့ကို ကျွန်တော်ကပဲ ဦးဆောင်ရေးပါမယ်။
ကိုမိုးဆတ်၊ ကိုပီမို၊ ရှမ်းပဲပုတ်နဲ့ ဧသတာ တို့က ရံဖန်ရံခါဝင်ရောက်ရေးသားပါလိမ့်မယ်။
အနုပညာရဲ့ စုတ်ချက်ကြမ်းတွေကို ကိုမိုးဆတ်နဲ့ ကိုပီမိုဆီကနေ မြင်ကြရမှာဖြစ်ပြီး
သမိုင်းမှတ်စုတွေကို ရှမ်းပဲပုတ်ဆီကနေ မြင်ကြရပါလိမ့်မယ်။
ပြင်းထန်သောနေရောင်ခြည်အောက်က နေ့အသစ်တွေကို ဖြတ်သန်းဖို့ ကြိုးစားရင်း
ဘ၀ရဲ့ဖြစ်တတ်မှုတစ်ချို့တလေကိုတော့ ဧသတာ ကရေးဖွဲ့ပြပါလိမ့်မယ်။
နောက်တစ်ဦးကျန်နေပါသေးတယ်။
ကိုဂျိမ်းကတော့ ပါးစပ်ကပြောလို့ဝရင် တစ်စုံတစ်ခု ချရေးလိမ့်မယ်ထင်ပါတယ်။

နောက်ထပ်ပြောစရာတစ်ခုရှိနေသေးတာက ကျွန်တော်နဲ့ချိတ်ဆက်သွားမယ့် ဘလော့တွေပါ။
ဆယ်စုနှစ်ကျော်အောင် ကဗျာ့အန်ဖန်တွေကို ထွေးပွေ့ထားဆဲ ကိုဖိုးသားရဲ့ လမ်းအိုလေး။
မနေ့တစ်နေ့က မှ ဘလော့စရေးလာတဲ့ ကိုမိုးဆတ်ရဲ့ ကမ်းယံ။
ရှစ်ဆယ်ပြည့်နှစ်အလွန်က ကဗျာ့ဟန်တွေကို အများဆုံးတွေ့ရမယ့် ကိုညိမ်းညို။
သူတို့တွေနဲ့ ကျွန်တော့်ရဲ့ တောကျောင်းဘလော့ကို ချိတ်ဆက်ပါမယ်။

တစ်နေရာတည်းကလှမ်းကြည့်မယ်ဆိုရင် …
ဖြောင့်တန်းသောလမ်းတွေရဲ့ ဆုံးမှတ်ဟာ သဲသဲကွဲကွဲ တွေ့မြင်ကြရမှာမဟုတ်ပါဘူး။
ကွေ့ကောက်သောလမ်းတွေဖြစ်နေပြန်ရင်လည်း ဆုံးမှတ်ဟာ မှန်းဆရခက်ပါတယ်။
ခံစားမှုကြောင့်ဖြစ်သော အိပ်မက်များနဲ့ အိပ်မက်များရဲ့ မနက်ဖြန်ဟာ
ရောက်လာချင်မှ ရောက်လာမယ်ဆိုတာကို ကျွန်တော့်ဖက်က လက်ခံထားပြီးဖြစ်တဲ့
အကြောင်း ပြောပါရစေလားခင်ဗျာ။

ကျေးဇူးတင်စွာဖြင့် …
တောကျောင်းဆရာ
သြဂုတ်လ ၈ရက် ၊ ၂၀၀၉ခုနှစ်။

5 Comments

Filed under ပြန်ကြားချက်