အချိန်တွေဟာ ကုန်လွန်တာ မြန်လွန်းတယ်လို့ ထင်ရတယ်။
တောကျောင်းဆရာဘလော့ကို ဖန်တီးခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။
အထိုက်အလျောက်အားဖြင့် လူသိများခဲ့၊ မကျေလည်သူ များခဲ့ပါတယ်။
ကိုယ်ရေးချင်လို့ရေးတဲ့စာကို လာဖတ်ကြသူတွေရှိနေတာဟာ မှားယွင်းမှုမဟုတ်ခဲ့ပါဘူး။
စိတ်မကောင်းစရာကတော့ တောကျောင်းဆရာဘလော့တစ်နှစ်မပြည့်ခင်မှာ ပျက်စီးသွားခဲ့တာပဲ။
ရေးထားခဲ့တဲ့ စာတစ်ချို့ကို ပြန်ရခဲ့ပေမယ့် ပေးထားတဲ့ ကော်မန့်တွေကတော့
လေထဲမှာပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆိုးသည်၊ ကောင်းသည် ကော်မန့်ပေး
ဝေဖန်ခဲ့ကြသူတွေကို အားနာပါတယ်။ အခြေအနေတွေကိုက ရှုပ်ထွေးလွန်းလှပါတယ်။
ဘာကြောင့်ဒီလိုဖြစ်သွားတာလဲဆိုတာလည်း ကျွန်တော်မတွေးတော့ပါဘူး။
အခုတော့ အသစ်ပြန်လုပ်လိုက်ပါတယ်။
ဒီဘလော့ဖြစ်ပေါ်ဖို့အတွက် ဒိုမိန်းဝယ်တဲ့နေရာမှာ ကူညီပေးခဲ့လေသော
ဘိလပ်ကမောင်နှမနှစ်ယောက်ဖြစ်တဲ့ ဘိုဆရာနဲ့ မမစု၊
သူ့ငွေကြေးနဲ့ဝယ်ထားတဲ့ ဟိုစတင်ကို မျှဝေသုံးဖို့ပေးခဲ့တဲ့ ညီငယ်စေတန်ဂေါ့၊
နောက်… သီခြားကူညီမှုတွေပေးခဲ့ဖူးတဲ့ ကိုဖိုးသား၊ ကိုသင်္ကြန်၊ ကိုဂူဂူ တို့အပြင်
အကောင်းအဆိုး ဝေဖန်ခဲ့ကြသူများ၊
သူငယ်ချင်းများ အားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ကျွန်တော်ဟာ Isolate ဖြစ်လွန်းတယ်လို့ သူငယ်ချင်းတစ်ယောက်က ဝေဖန်ခဲ့ဖူးပါတယ်။
သူရဲ့ဝေဖန်မှုကို ကျွန်တော်လက်ခံပါတယ်။ မှန်လည်း မှန်နေတဲ့အတွက်ကြောင့်ပါပဲ။
ဒီအခါမှာ ကျွန်တော့်ဖက်ကများ ခင်ဗျားတို့နဲ့ထိတွေ့မှုနည်းပါးခဲ့တယ်ဆိုရင်
ဒါဟာ ကျွန်တော်ရဲ့ ပျက်ကွက်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
တဆက်တည်း ပြောလိုတာက ကျွန်တော့်အနေနဲ့ တခြားအပိုစာသားတွေ
သိပ်မလုပ်ချင်တော့တာမို့ တောကျောင်းဝက်ဘ်ဘလော့ရဲ့ စာမျက်နှာကို
ခင်ရှင်းရှင်းလေးပဲ လုပ်ထားပါတယ်။ စာအပေါ်မှာ ဝေဖန်မှတ်ချက်ပေးတဲ့ ကော်မန့်မျိုးကို
ပိုမိုလိုချင်တဲ့အတွက် စီဘောက်စ်ကိုတော့ ကျွန်တော်မထားတော့ပါဘူး။
ဒီအတွက် နားလည်ကြမယ်လို့မျှော်လင့်ပါတယ်။
သိထားပြီးတဲ့အတိုင်း တောကျောင်းဘလော့ကို ကျွန်တော်ကပဲ ဦးဆောင်ရေးပါမယ်။
ကိုမိုးဆတ်၊ ကိုပီမို၊ ရှမ်းပဲပုတ်နဲ့ ဧသတာ တို့က ရံဖန်ရံခါဝင်ရောက်ရေးသားပါလိမ့်မယ်။
အနုပညာရဲ့ စုတ်ချက်ကြမ်းတွေကို ကိုမိုးဆတ်နဲ့ ကိုပီမိုဆီကနေ မြင်ကြရမှာဖြစ်ပြီး
သမိုင်းမှတ်စုတွေကို ရှမ်းပဲပုတ်ဆီကနေ မြင်ကြရပါလိမ့်မယ်။
ပြင်းထန်သောနေရောင်ခြည်အောက်က နေ့အသစ်တွေကို ဖြတ်သန်းဖို့ ကြိုးစားရင်း
ဘ၀ရဲ့ဖြစ်တတ်မှုတစ်ချို့တလေကိုတော့ ဧသတာ ကရေးဖွဲ့ပြပါလိမ့်မယ်။
နောက်တစ်ဦးကျန်နေပါသေးတယ်။
ကိုဂျိမ်းကတော့ ပါးစပ်ကပြောလို့ဝရင် တစ်စုံတစ်ခု ချရေးလိမ့်မယ်ထင်ပါတယ်။
နောက်ထပ်ပြောစရာတစ်ခုရှိနေသေးတာက ကျွန်တော်နဲ့ချိတ်ဆက်သွားမယ့် ဘလော့တွေပါ။
ဆယ်စုနှစ်ကျော်အောင် ကဗျာ့အန်ဖန်တွေကို ထွေးပွေ့ထားဆဲ ကိုဖိုးသားရဲ့ လမ်းအိုလေး။
မနေ့တစ်နေ့က မှ ဘလော့စရေးလာတဲ့ ကိုမိုးဆတ်ရဲ့ ကမ်းယံ။
ရှစ်ဆယ်ပြည့်နှစ်အလွန်က ကဗျာ့ဟန်တွေကို အများဆုံးတွေ့ရမယ့် ကိုညိမ်းညို။
သူတို့တွေနဲ့ ကျွန်တော့်ရဲ့ တောကျောင်းဘလော့ကို ချိတ်ဆက်ပါမယ်။
တစ်နေရာတည်းကလှမ်းကြည့်မယ်ဆိုရင် …
ဖြောင့်တန်းသောလမ်းတွေရဲ့ ဆုံးမှတ်ဟာ သဲသဲကွဲကွဲ တွေ့မြင်ကြရမှာမဟုတ်ပါဘူး။
ကွေ့ကောက်သောလမ်းတွေဖြစ်နေပြန်ရင်လည်း ဆုံးမှတ်ဟာ မှန်းဆရခက်ပါတယ်။
ခံစားမှုကြောင့်ဖြစ်သော အိပ်မက်များနဲ့ အိပ်မက်များရဲ့ မနက်ဖြန်ဟာ
ရောက်လာချင်မှ ရောက်လာမယ်ဆိုတာကို ကျွန်တော့်ဖက်က လက်ခံထားပြီးဖြစ်တဲ့
အကြောင်း ပြောပါရစေလားခင်ဗျာ။
ကျေးဇူးတင်စွာဖြင့် …
တောကျောင်းဆရာ
သြဂုတ်လ ၈ရက် ၊ ၂၀၀၉ခုနှစ်။
ကျေးဇူးတင်ရင် မုန့်ဝယ်ကျွေး
ခုတော့တိမ်များလို လေထဲလွင့်ပါသွား..လေထဲလွင့်ပါသွား..အိုးဟိုး အရင်ကဇာတ်လမ်းလေး…အရင်ကဇာတ်လမ်းလေး..(ဟန်ထွန်း-လမ်းဆုံ)
ခွီး 🙂
ခင်ဗျားဘလော့ပျောက်သွားလို့ ဘာဖြစ်သွားမှန်းမသိ ဘယ်ကို ရှာရမှန်းမသိ ခုမှ ခင်ဗျားပြောတာသိရတယ် စိတ်မကောင်းပါဘူး ခု K ဆိုတဲ့ ဘလော့မှာ comment ၀င်ရေးထားတာ မြင်မှ လိုက်လာမိတယ် အားပေးလျက်ပါ
Welcome back, bro! I just knew that your blog had reappeared via your comment in K blog. Thanks God! Yeah, my thanks also go to those who helped to make this blog alive again bcoz thanks to them, now I can read what I like.
ခုလို လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။